သတင်းတို

တပ်လေယာဉ် ပျက်ကျမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် လွှတ်တော်တွင် မတ်တတ်ရပ်ငြိမ်သက်ခဲ့

Want create site? Find Free WordPress Themes and plugins.

ဇွန်လ ၇ ရက်နေ့တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် YH 200 F အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ မတော်တဆ ဖြစ်မှုနှင့် ပတ်သက်၍ သေဆုံးသွားသူများနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များ၊ ဆွေမျိုးများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ ထပ်တူထပ်မျှ ပူဆွေးဝမ်းနည်း ကြေကွဲရပါကြောင်း အဆို ကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ယင်းအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ပြည်ကြီးတံခွန် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်းက တင်သွင်းခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ မင်းကင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ထောက်ခံဆွေးနွေးခဲ့သည်။

ထို့ကြောင့် ယင်းအဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးနောက် ကိုယ်စားလှယ်အားလုံးက ပူဆွေး ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ် ၂ မိနစ် မတ်တတ်ရပ် ငြိမ်သက်ခဲ့ကြသည်။

ယင်းတပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်သည် စစ်သည် မိသားစု ၁၀၈ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦးနှင့် ကုန်တန်ချိန် ၂ ဒသမ ၄ တန်ခန့် သယ်ဆောင်၍ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာပြီး အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းနေစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်မြို့၏ အနောက် တောင်ဘက် ၃၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ် ရရှိပြီး နောက်ပိုင်း ဆက်သွယ်မှု ပြတ်တောက် သွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ လေယာဉ်ပျက်ကျမှုကို အတည်ပြုနိုင်ခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် ပျက်ကျသည်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပြီး လတ်တလောတွင် အမျိုးသား အလောင်း ၂ လောင်း၊ အမျိုးသမီး အလောင်း ၂၁ လောင်း ၊ ကလေး အလောင်း ၈ လောင်းတို့ကို ရှာဖွေ တွေ့ရှိထားသည်။

အဆိုကို ထောက်ခံဆွေးနွေးသူ ဦးမောင်မြင့်က “ဒီလေယာဉ်ကြီးဟာ တော်တော်လေးသစ်တဲ့ လေယာဉ်လို့ ပြောလို့ ရပါ တယ်။ တရုတ်နိုင်ငံက ဝယ်ယူခဲ့ပြီးတော့ ၂၀၁၆ ခုနှစ်၊ မတ်လမှာ တပ်တော်ဝင် ပြုလုပ်တာ ဖြစ်ပါတယ်။ ပျံသန်းချိန် စုစုပေါင်း ၈၀၉ နာရီပဲ ရှိပါသေးတယ်။ အဲဒီလေယာဉ်ကို မောင်းနှင်ခဲ့သူတွေကလည်း အင်မတန်မှ အတွေ့အကြုံ ရင့်ကျက် သူတွေ ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။

လေယာဉ်မောင်းသူ ယာယီ ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းသည် လေယာဉ် မောင်းနှင်သည့် ပျံသန်းမှု နာရီပေါင်း ၃၁၆၂ နာရီ၊ တွဲဖက်လေယာဉ်မှူး (၁) ဗိုလ်မှူး စိုးသူဝင်းသည် ပျံသန်းမှုနာရီပေါင်း ၃၁၆၁၊ တွဲဖက်လေယာဉ်မှူး (၂) ဗိုလ်မှူးသန့်ဇင်ဌေး သည် ပျံသန်းမှုနာရီပေါင်း ၂၄၀၃ နာရီစီ အတွေ့အကြုံ ရှိကြောင်း ၎င်းက ပြောသည်။

ထိုတပ်မတော် လေယာဉ်သည် တပ်မတော်တခုတည်းအတွက် အသုံးပြုခဲ့ခြင်း မဟုတ်ဘဲ ရခိုင်ပြည်နယ်တွင် မိုရာ မုန်တိုင်း တိုက်ခိုက်ပြီး နောက်ပိုင်း စားနပ်ရိက္ခာ ၆ ဒသမ ၅ တန်ကို သယ်ယူပို့ဆောင်ပေးခဲ့သည့် လေယာဉ်ဖြစ်ကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading