နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ(NSCN – K) အဖွဲ့ ဥက္ကဋ္ဌ ရှန်ဝမ် ရှန်ယန် ကပ်ပလန် (၇၇နှစ်) ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကွယ်လွန်သွားကြောင်း အိန္ဒိယသတင်းတွေက ဆိုပါတယ်။
ကပ်ပလန်ဟာ မြန်မာဘက်ခြမ်း ကချင်ပြည်နယ် ဟူးကောင်းတောင်ကြားဒေသ တာဂါ ဌာနချုပ်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံံံဘက်ခြမ်းက နာဂလန်း ပြည်နယ်ဝန်ကြီးချုပ်ဟောင်း တီအာ ဇီလိုင်းကလည်း အတည်ပြုပြောကြားပါတယ်။
သူဟာ ဆီးချိုရောဂါ ခံစားနေရပြီး၊ ၂၀၁၅ခုနှစ်က ရန်ကုန်မြို့မှာ လာရောက်ဆေးကုသမှု ခံယူခဲ့ ပါသေးတယ်။
နာဂဒေသလွတ်မြောက်ရေးအတွက် အိန္ဒိယအစိုးရကို တော်လှန်ခဲ့တဲ့ NSCN အဖွဲ့က Isak Chishi Swu ကွယ်လွန်ပြီးနောက်တနှစ်မှာပဲ ကပ်ပလန်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
Isak Chishi Swu ကတော့ အိန္ဒိယအစိုးရ ငြိမ်းချမ်းရေးစာချုပ်ချုပ်ခဲ့ပေမယ့် ကပ်ပလန်ကတော့ မြန်မာမြေပေါ်ကနေ အိန္ဒိယအစိုးရကို ဆက်လက်တော်လှန်နေခဲ့ပေမယ့် ၂၀၁၂ခုနှစ်မှာတော့ မြန်မာအစိုးရနဲ့တော့ ငြိမ်း ချမ်းရေးရယူလုပ်ဆောင်ခဲ့ပါတယ်။
၁၉၈၀ ခုနှစ်မှာတည်ထောင်ခဲ့တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီဟာ နာဂပြည်နယ် တည်ထောင်ရေး အတွက်အိန္ဒိယ အရှေ့ မြောက် ဒေသနဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှာ အဓိကလှုပ်ရှားခဲ့တာဖြစ်ပါတယ်။
ကပ်ပလန်ရဲ့နေရာကို ဒုဥက္ကဋ္ဌ Khango Konyakက ဆက်ခံလိမ့်မယ်လိုလည်း အများက ထင်ကြေး ပေး ယူဆနေပါတယ်။