တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် ပျက်ကျမှုတွင် ပါဝင်သွားခဲ့သူ ၁၀၈ ဦးအနက် အလောင်း ၈၆ လောင်းကို ယနေ့ ညနေပိုင်းအထိ ပြန်လည်ရှာဖွေတွေ့ရှိထားပြီဖြစ်ပြီး ပျောက်ဆုံးနေသူ ၂၂ ဦးကျန်နေဆဲဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ မောင်းမကန်-မရင်းကြီး ကမ်းခြေတစ်လျှောက် ရှာဖွေရေးလုပ်ဆောင်နေသည့် မြေပြင်တပ်များက ဇွန်လ ၁၃ ရက်နေ့တွင် အမျိုးသားရုပ်အလောင်း ၁ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုအချိန်အထိ စုစုပေါင်းရုပ်အလောင်း ၈၆ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။
ပျောက်ဆုံးနေသူများ၏ အလောင်းများကို ဆက်တိုက် ရှာဖွေတွေ့ရှိနေပြီဖြစ်သော်လည်း တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ကိုမူ တပ်မတော် ရေ၊ လေနှင့် ဒေသခံ ငါးဖမ်းစက်လှေများ ပူးပေါင်းကာ လေယာဉ်မပျက်ကျမီ ရေဒါစနစ်ဖြင့် နောက်ဆုံး အဆက်အသွယ်ရရှိထားသည့် နေရာတဝိုက်တွင် ဆက်လက်ရှာဖွေနေဆဲသာဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ လေယာဉ်ဘီးတခုကိုသာ ရရှိထားကြောင်း သိရသည်။