ဘင်္ဂလားဒေ့ရှ်လေတပ်က ရုရှားလုပ် Mi-171sh အမျိုးအစား တိုက်ခိုက်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၅စီး ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က လေတပ် ဒုတိယဦးစီးချုပ် ဗိုလ်ချုပ်ကြီး M Naim Hassan နဲ့ ရုရှား ကုမ္ပဏီ Rosoboronexport မှ တာဝန်ရှိသူတို့ ဒါကာမြို့မှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး၊ ဒါဟာ ခေတ်မီ ဘင်္ဂလားဒေ့ရှ် လေတပ် အဖြစ်ပြုပြင်ပြောင်းလဲရေး တစိတ်တဒေသဖြစ်တယ်လို့ လည်း ဆိုပါတယ်။
နေတိုးအခေါ် Hip လို့ ခေါ်တဲ့ Mi-171sh တိုက်ခိုက်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေကို အူလန်အူဒီး ရဟတ်ယာဉ်စက်ရုံက ထုတ်လုပ်ပြီး၊ ယခုအခါမှာ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှ နဲ့ အာဖရိက၊ အရှေ့ဥရောပ စတဲ့နိုင်ငံတွေကို အစီးရေ ၁၂၀ခန့် ထုတ်လုပ်ရောင်းချပြီးဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်မှာ လက်နက်ဈေးကွက်မှာ စတင်ဝင်ရောက်ခဲ့ပြီး၊ တိုက်ခိုက်ရေးတပ်တွေ ဖြန့်ချခြင်း၊ ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ ဝေဟင်မှ မြေပြင်သို့ လက်နက်ပစ် ကူပေးနိုင်ခြင်း၊ အစောင့် အရှောက်လိုက်အဖြစ် လိုက်ပါနိုင်ခြင်းအပြင် ဆေးရုံအဖွဲ့ နဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း စတဲ့လုပ်ငန်းမှာ အသုံးပြုနိုင်တဲ့ ဘက်စုံသုံးနိုင်တဲ့ ရဟတ်ယာဉ်ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ခေတ်မီတပ်မတော်ဖြစ်ဖို့ ပြုလုပ်နေရာမှာ ယခုနှစ်ပိုင်းအတွင်းကလည်း တရုတ်လုပ် ရေငုပ်သင်္ဘော ၂စီးကို လက်ခံရယူခဲ့ပြီးဖြစ်ပါတယ်။