မြန်မာ့ တပ်မတော်(လေ)မှ ဝယ်ယူထားသည့် ပါကစ္စတန်လုပ် JF-17 လေယာဉ်များ တရုတ်နိုင်ငံ ချန်ဒူးလေဆိပ်မှ စမ်းသပ်ပျံသန်းမှု များပြုလုပ်နေတဲ့ ဓာတ်ပုံတွေ တရုတ်အွန်လိုင်း ဖိုရမ်မှာ ပြသထား တယ်လို့ ကာကွယ်ရေးဆိုင်ရာ သတင်းတွေကို ရေးသားနေတဲ့ ဂျိန်းစ် ကာကွယ်ရေး စာစောင်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ရက်နေ့က ထုတ်ပြန်တဲ့ ပုံမှာတော့ တယောက်စီး JF-17/FC-1 လေယာဉ်တွေကို ဖော်ပြထားတယ်လို့ သိရပါတယ်။
ပါကစ္စတန်နဲ့ တရုတ်ချန်ဒူးလေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း တို့ ဖက်စပ်လုပ်ကိုင်တဲ့ JF-17 Thunder/FC-1 ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်ကို တစီးလျှင် အမေရိကန်ဒေါ်လာ ၁၆သန်းနဲ့ ၁၆စီး မြန်မာလေတပ်အတွက် ၂၀၁၅ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။
မြန်မာလေတပ်ဟာ တရုတ်- ပါကစ္စတန်ဖက်စပ် JF-17 Thunder/FC-1 လေယာဉ်ကို ပထမဆုံး ဝယ်ယူူတဲ့ ဖောက်သည်ဖြစ်ပြီး၊ မှာယူထားတဲ့ လေယာဉ် ၁၆ စင်းအနက် ပထမအသုတ်ဟာ ယခုနှစ်နှောင်းပိုင်းမှာ ရောက်ရှိလာမယ့်လို့ မျှော်လင့်ရပါတယ်။
ရောက်ရှိလာမယ့် လေယာဉ်တွေဟာ ပါကစ္စတန်နိုင်ငံ ကာမာရှိ လေယာဉ်စက်ရုံက ထုတ်လုပ်တဲ့ Block II အမျိုးအစားဖြစ်နိုင်ပြီး၊ ဝေဟင်မှာပဲ ဆီဖြည့်နိုင်ကာ လေကြောင်းအီလက်ထရွန်းနစ်နှင့် အီလက်ထရွန်းနစ်ကိရိယာများ ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချန်ဒူးလေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း (CAC) ရဲ့ မိခင်ကုမ္ပဏီ တရုတ်နိုင်ငံပိုင် လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း(AVIC)ဟာ မြန်မာလေတပ် ခေတ်မီလေယာဉ်များ အစားထိုးရေးအတွက် နည်းပညာအထောက်အပံတွေ ပေးခဲ့တယ်လို့လည်း ဂျိန်းစ် ကာကွယ်ရေး စာစောင်ကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ကတော့ မြန်မာလေတပ်က အသုံးပြုနေတဲ့ ဆိုဗီယက်လေယာဉ် အင်န်တိုနောဗ် An-12 ပုံစံ အခြေခံကာ ရှန်ဇီ လေယာဉ် ကော်ပိုရေးရှင်းက တည်ဆောက် ထုတ်လုပ် တဲ့ Y-8 အမျိုးအစား အလတ်စား သယ်ယူပို့ ဆောင်ရေးလေယာဉ်တစီး အက်ဒမန်ပင်လယ်ပြင်မှာ ပျက်ကျတဲ့အတွက် လေယာဉ်ပေါ် လူ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။