အစွန်းရောက် အစ္စလာမ်မစ်များ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံများဟာ အင်ဒိုနီးရှား ဆူးလူးပင်လယ်ပြင်မှာ ရေတပ်နှင့် တိုက်လေယာဉ်များ အသုံး ပြုကာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မနေ့က စတင်ပြုလုပ်ကြောင်းသိရပါတယ်။
ဘော်နီယိုကျွန်း မြောက်ဘက် ဆူးလူးပင်လယ်မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင်မှုဟာ ဖိလစ်ပိုင်တောင် ပိုင်းက ပြိုကွဲထွက်ပြေးလာတဲ့ အစွန်းရောက် အစ္စလာမစ်တွေကို ရှာဖွေတိုက်ခိုက်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှား စစ်ဘက်အဆိုအရ အခုလို ပူးတွဲ စစ်ရေးလေ့ကျင်မှု ဟာ မြောက်ပိုင်း ကာလီမန်တန် ရှိ တာရာကန်ကျွန်းကနေ စတင်တာဖြစ်ပြီး၊ ဒေသတွင်း တည်ငြိမ်ဖို့နဲ့ ဒေသတွင်း ရေပြင်ပိုင်နက်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ ပင်လယ်ဓားမြမှု၊ ပြန်ပေးဆွဲမှုနဲ့ အကြမ်းဖက်မှုများကို ပူးတွဲ ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် စစ်ဘက်အရာရှိကြီးများသာမက စင်ကာပူ၊ ဘရူနိုင်း စတဲ့နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ တက်ရောက်ပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှု စစ်ဌာနချုပ်ကို တာရာကန်ကျွန်းမှာဖွင့်လှစ်ထားပြီး၊ ယင်းကျွန်းသည် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်း နဲ့ မျက်နှာချင်းဆိုင် ရှိပါတယ်။
တခြားသော စစ်ဌာနချုပ်တွေကတော့ မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းပေါ်က Tawau နဲ့ ဖိလစ်ပိုင်က ဘွန်ဂါအိုမှာ ဖွင့်လှစ်ထားပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းက ဖိလစ်ပိုင်နိုင်ငံ ဒုတိယအကြီးဆုံး ကျွန်းဖြစ်သည့် မင်ဒါနာအို ပြည်နယ် မာရာဝီမြို့ကို IS နဲ့ အချိတ်အဆက်ရှိတဲ့ မောက်တီ စစ်သွေးကြွတွေက ဝင်ရောက်စီးနင်းပြီးနောက် အစ္စလာမစ်နိုင်ငံတော် ထူထောင်ဖို့ ကြိုးစားတဲ့ အတွက် ဖိလစ်ပိုင်အစိုးရက စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းကာ စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ပါတယ်။