သတင်းတို

တရုတ်တွင် အပိတ်ခံထားရသည့် ဘဏ်အကောင့်များ ပြန်ဖွင့်ပေးရန် အထူးအဖွဲ့ဖြင့် စစ်ဆေးနေ

တရုတ်နိုင်ငံက လောင်းကစားမှုဖြင့် ပိတ်ထားသော မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်၁၃၀ကျော်ထဲမှ အမှုနှင့် မသက်ဆိုင်သည့် အကောင့်များ ပြန်လည်ဖွင့်လှစ်ပေးရန် တရုတ်နိုင်ငံတွင် အထူးအဖွဲ့ဖွဲ့ပြီး စိစစ်ဆောင်ရွက်နေ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များကို ဇွန်လ ၁၅ရက်နေ့မှစတင်ကာ တရုတ်နိုင်ငံက ပိတ်သိမ်းလိုက်၍ ဇွန်လ ၁၈ရက်နေ့တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ညွှန်မှူး၊ မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့ ဦးစီး၍ စီမံခန့်ခွဲရေးကော်မတီများသည် ရွှေလီမြို့ ပြည်သူ့အစိုးရ ဒုမြို့တော်ဝန် ဦးစီးအဖွဲ့နှင့် မူဆယ်မြို့တွင် တွေ့ဆုံခဲ့သေးသည်။

တရုတ်နိုင်ငံရှိ ပြည်နယ်အချို့တွင် အွန်လိုင်းလောင်းကစားမှုများ လုပ်ကိုင်ခြင်းကြောင့် ရွှေလီမြို့ပေါ်ရှိ ဘဏ်အကောင့် ၃၄၉ခုအား စစ်ဆေးရန် ခေတ္တပိတ်ထားရာမှ မြန်မာနိုင်ငံသားပိုင် အကောင့် ၁၃၂ခု ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

အွန်လိုင်းလောင်းကစားမှုကို တရုတ်နိုင်ငံ ရဲချုပ်က တိုုက်ရိုက်ကိုင်တွယ် စစ်ဆေးနေခြင်းဖြစ်၍ ဘဏ်အကောင့်စစ်ဆေးမှု မှာ အချိန်လိုအပ်ကြောင်းနှင့် အမှုနှင့်သက်ဆိုင်ခြင်းမရှိသော အကောင့်များကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်သွားမည် ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

 

Loading