တော်ဝင်စစ်တပ်အနေနဲ့ တရုတ်လုပ် VN-1 သံချပ်ကာ စစ်သည်တင်ကား ၃၄ စီး ဝယ်ယူရန် အဆိုပြုချက်ကို မကြာသေးမီက ထိုင်းအစိုးရက ခွင့်ပြုလိုက်သည်။
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ၂၀၁၇- ၂၀၂၀ နှစ်များအတွင်း ထိုင်းဘတ် ၂.၃ဘီလျံ တန်ဘိုးရှိ တရုတ်လုပ် VN-1 သံချပ်ကာ ကားများ ဝယ်ယူဖို့ ထိုင်းအစိုးရက အတည်ပြုပေးလိုက်ခြင်းဖြစ်ပြီး၊ ထိုင်းစစ်တပ် အရာရှိကြီး တဦးက ယခုလ သို့မဟုတ် လာမည့်လတွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ကန်ထရိုက် စာချုပ်ကို ချုပ်ဆိုမည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချလန်ချိုင်း ဆစ်သီဆတ်က ဆိုသည်။
ဤသည်ကား ယခင်က စဉ်းစားနေတဲ့ အစီအစဉ်တခုကို အတည်ပြုပေးလိုက်ခြင်း ဖြစ်သော်လည်း ထိုလုပ်ရပ်သည် ထိုင်းနိုင်ငံ၏ ကာကွယ်ရေး ကဏ္ဍတွင် တရုတ်နှင့် ရှေ့ဆက်လုပ်ဆောင်ရန် ဆုံးဖြတ်မှုဖြစ် ကြောင်း ပေါ်လွင်နေပေသည်။
အာရှ၌ အမေရိကန်၏ သက်တမ်းအရင့်ဆုံး မဟာမိတ် ထိုင်းနိုင်ငံနှင့် တရုတ်တို့ အကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုမှာ ၂၀၁၄ခုနှစ်မေလ ထိုင်းစစ်တပ်က အရပ်သား အစိုးရထံမှ အာဏာသိမ်းခြင်းနှင့် ပတ်သက်၍ အမေရိကန်၏ ဝေဖန်မှုအပြီး ပိုမိုနက်ရှိုင်းလာခဲ့ခြင်းဖြစ်သည်။
ထိုင်စစ်တပ်က တရုတ်ထံမှ ရေငုပ်သင်္ဘော ဝယ်ယူခြင်းသာမက ပထမဆုံးအကြိမ် ပူးတွဲ လေကြောင်း စစ်ရေး လေ့ကျင့်မှု၊ သံချပ်ကာ ကားများ ဝယ်ယူရန် စီစဉ်မှုနှင့် ကာကွယ်ရေး စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ခြင်းစတဲ့ ကဏ္ဍများမှာ မြှင့်တင်ရန် ဆွေးနွေးခြင်း အပါအဝင် တခြားသော ဖြစ်ပေါ်တိုးတက်မှုများလည်း ရှိနေသည်။
ထိုင်း- တရုတ် ကာကွယ်ရေး ဆက်ဆံမှုနှင့် ထိင်းနိုင်ငံ၏ ဘဏ္ဍာရေး ကန့်သတ်ချက်များအရ တင့်ကားနှင့် ရေငုပ်သင်္ဘောများ ဝယ်ယူမှုများတွင် အငြင်းပွားမှုများ ရှိနေသော်လည်း ၂၀၁၇ ခုနှစ်တိုင် အစီအစဉ်များကျန် သေးကြောင်း အရှေ့တောင် အာရှ ကာကွယ်ရေးစနစ်ကို အနီးကပ်လေ့လာာသူများက ဆိုသည်။
ထိုင်းစစ်တပ်အနေဖြင့် လွန်ခဲ့သည့် ဧပြီလ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ လန်ကာဝီ နိုင်ငံတကာ ရေကြောင်း နှင့် အာကာသပြပွဲမှာ အဆိုပါ VN-1 ၃၄ စီးနှင့် ၃၀ မီလီမီတာ အမြောက်ဆံ ၁၂၅၀၆ ခုကို တရုတ်နိုင်ငံ China North Industries Corporation (NORINCO) မှဝယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယူကရိန်းလုပ် BTR-4 များနှင့် နှိုင်းယှဉ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ်မှာကြားမှုမှာ ၃၄ စီးသာဖြစ်သော်လည်း နောင်တွင်ထပ်မံမှာကြားမည်ဟုယူဆရပြီး၊ ထိုင်းနိုင်ငံ သည် ဗင်နီဇွဲလား ပြီးလျှင် တရုတ်လုပ်သံချပ်ကာ ကားများ အဝယ်ယူဆုံး နိုင်ငံဖြစ်သည်။
ထိုသို့ ဝယ်ယူရခြင်းမှာလည်း တရုတ်ပစ္စည်းသည် ရုရှား၊ ယူကရိန်းတို့ထက် သည်ဈေးချိုသည်သာမက လိုအပ်ချက်နှင့်ကိုက်ညီသောကြောင့် ဖြစ်ကြောင်း ချလန်ချိုင်းက သတင်းထောက်များကို ပြောသည်။
“အနောက်နိုင်ငံတွေကနေဝယ်ရတာ နည်းနည်းခက်တယ်။ တရုတ်ကဝယ်ရတာတန်တယ်” ဟုသူက ရှင်းပြသည်။
လာမည့်ဇူလိုင်လတွင် ထိုင်းဝန်ကြီးချုပ် ပရာယွဒ်သည် အမေရိကန်သို့ သွားရောက်ကာ သမ္မတဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံမည်ဖြစ်ပြိး ၂၀၁၄ ခုနှစ်မေလ သွေးထွက်သံယိုမဲ့ အာဏာသိမ်းပွဲအပြီး ပထမဆုံးအကြိမ် အိမ်ဖြူတော်သို့သွားခွင့်ရခြင်းဖြစ်သည်။