မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ဝန်ထမ်းနှင့်မိသားစုဝင်များ နေထိုင်သည့်အိမ်ရာများထဲ မှ အဆောက်အဦးပေါင်း ၁၆၀၀ ခန့်မှာ လူနေထိုင်ရန် မသင့် ဟု သတ်မှတ်ထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ကျင်းပသည့် အမျိုး သားလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။
မွန်ပြည်နယ် ၊ မဲဆန္ဒနယ် အမှတ် (၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ ၏ ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့ ဝန်ထမ်း အိမ်ရာများ ပျက်စီးယိုယွင်းနေခြင်းအတွက်လိုအပ်သော အဆောက်အအုံသစ် များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က “လက်ရှိ တနိုင်ငံလုံး ရဲဌာန အားလုံး စာရင်းအရ အဆောက်အဦး ၁၅၉၈ လုံး ဟာ လူနေထိုင်ရန် မသင့်တော်ကြောင်းစီစစ် ထားရှိပြီးဖြစ်သည် ဟု လွှတ်တော် အစည်းအဝေး၌ပြောလိုက်ခြင်းဖြစ်သည်။
ဘီးလင်းမြို့နယ်ရဲစခန်းသည်လည်း လူနေထိုင်ရန် မသင့်သည့် စာရင်းတွင် ပါရှိပြီးဖြစ်ကြောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ထိုအဆောက်အအုံများကို ပြန်လည်ပြင်ဆင်တည်ဆောက်ရန် ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ ဒေါ်သီရိရတနာ ရည်ညွန်းသည့် အဆောက်အဦးကိုလည်း ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဦးစား ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ဖြေကြားခဲ့သည် ။
ဧရာဝတီသတင်းထောက် ဖေသက်ထက်ခင် ပေးပို့သည်။