တရုတ်နိုင်ငံ တောင်ပိုင်း ယူလင်းမြို့က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ “တရုတ်ခွေးသားစား ပွဲတော်”ကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။
ဒီပွဲတော်ကို တားမြစ်တော့မယ်လို့ ကောလဟလများ ထွက်ပေါ်ခဲ့ပေမယ့် တရုတ်အာဏာပိုင်များနဲ့ ရောင်းချသူများအကြား လက်ဝါခြင်းရိုက်ကာ ဆိုင်တဆိုင်လျှင် ခွေး ၂ကောင်သာ ပြသ ရောင်းချရန် သဘောတူညီချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ခွေးသားရောင်းသူများက အသားတုံးများကို ဖြတ်တောက် ကာ လတ်လတ်ဆပ်ဆပ် ချက်ပြုတ်ကြော်လှော်ပြီး ပွဲတော်ကို စတင်လိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် ပင်မဈေးကွက် နန်ချိုဈေးမှာတော့ အမြီးထောင်၊ အဝါရောင် မျက်လုံးများပိတ်ကာ နောက် ဆုံး မာန်ဖီသွားဖြဲထားသည့် သတ်ပြီးသား ခွေးအများအပြား တင်တာကို တွေ့ရတယ်လို့ သိရပါတယ်။
ဈေးပြင်ပနှင့် လမ်းဆုံများ၌မူ ရဲအများအပြားချကာ ဈေးပြင်ပ၌ ခွေးသားစတူးများကို အငွေ့တထောင်း ထောင်းထနေသည့် ဒယ်အိုးကြီးတွင် ထည့်ပြီး ယောက်ချိုဇွန်းကြီးများနှင့် ကော်ခပ်ကာ ဖြတ်သွား ဖြတ် လာများကိုု ရောင်းချနေတယ်လို့လည်း ဆိုပါတယ်။
တချိုသော ဆိုင်များက ခွေးသားဆိုင်ဘုတ်ကို “ရသာချို အသား” ဟု ပြောင်းလဲကာ ရေးကြပြီး စားသောက်ဆိုင်များကလည်း ခွေးသားဟူသော စာလုံးပေါ်တွင် အဝါရောင်အုပ်ထားကြပါတယ်။
ဈေးထဲ၌ ခွေးသားရောင်းသည့် ဆိုင်တန်း ၂တန်းအပြင် နွားလျှာနှင့်ဝက်မိုးခိုသား၊ ဝက်ခြေထောက် ရောင်းချသည့် ဆိုင်များကလည်း သူတို့လိုပင် ခွေးအသည်း နှင့် တခြားအစိတ်အပိုင်းများ ရောင်းချကြ တယ်လို့ သိရပါတယ်။
ပွဲတော်၏ အစဉ်အလာအရ ခွေးများ ကြောက်လေလေ အရသာရှိလေလေ ဟူသည့် အယူအဆဖြင့် ခွေးထောင်ပေါင်းများစွာကို အရှင်လတ်လတ် ရိုက်နှစ် ရေနွေးပူလောင်းပြီး ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ကြကြောင်း တိရစ္ဆာန်အခွင့်အရေး တက်ကြလှုပ်ရှားသူများက ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ခွေးသားစားခြင်းသည် တရားဝင်သော်လည်း တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများ သည် နှစ်စဉ် ထို ပွဲတော်တွင် ခွေးသားရောင်းခြင်းကိုတားဆီးရန်ကြိုးစားလျှက်ရှိပါတယ်။
ခွေးသားရောင်းချသူများကမူ တက်ကြွလှုပ်ရှားသူများက ဆန်ကျင်လေလေ လူအများ အာရုံစိုက်မိပြီး ခွေးသား ပိုမိုရောင်းချရလေလေဟု တုန့်ပြန်ကြပါတယ်။
တရုတ်နိုင်ငံတွင် နှစ်စဉ် ခွေးကောင်ရေ ၁၀ သန်း မှ ၁၂ သန်းကြား အသတ်ခံရကြောင်း Humane Society International ၏အဆိုအရ သိရပါတယ်။