ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်းဘုရင် ဝဇီရာ လောင်ကွန်ဟာ မြူးနစ်မြို့အနီးရှိ အားဒင်းမှာ စက်ဘီးစီးနေစဉ် လူငယ် ၂ဦးက အရုပ်သေနတ်ဖြင့် ပန်းခြံအတွင်းမှ ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ထိခိုက် ဒဏ်ရမှုမရှိကြောင်း သိရပါတယ်။
ပစ်ခတ်သူမှာ အသက် ၁၄နှစ်ရှိသူ လူငယ်တဦးနှင့် ၁၃နှစ်အရွယ် ကလေးတဦးတို့ဖြစ်ပြီး၊ ထိုင်းဘုရင်ကားမောင်းထွက်သွားစဉ် ကားကို ထပ်မံပစ်ခတ်ကြကြောင်း သိရပါတယ်။
လူငယ်လေး ၂ဦး ကိုင်တွယ်ပစ်ခတ်သည့် သေနတ်မှာ အရုပ်သေနတ်ဖြစ်ကြောင်း တရားရေးဌာန အရာရှိများကလည်း အတည်ပြု ပြောကြားသလို လန်းရှဒ်မှ တရားရေးအရာရှိများ၏ ပြောခွင့်ရ သောမတ်ရတ်ရှ်ကလည်း မှန်ကန်ကြောင်းဆိုပါတယ်။
“ကျည်ဆံတွေကို ကျနော်တို့တွေ့ပြီးပြီ အရုပ်လေသေနတ် ကျည်ဆံဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်” ဟုသူက Bild Zeitung သတင်းသို့ပြောပါတယ်။
ထိုင်းဘရင် ဝဇီရာ လောင်ကွန်သည် ဂျာမနီနိုင်ငံတွင် အချိန်ကြာမြင့်စွာ နေထိုင်လေ့ရှိပြီး၊ ယခုဖြစ်ရပ် နှင့် ပတ်သက်၍ အမှုဖွင့်တိုင်ကြားခြင်းမရှိဟု သိရပါတယ်။
ဂျာမနီတရားရေး အရာရှိများက လူငယ် ၂ဦးအနက် အကြီးဖြစ်သည် ၁၄နှစ်အရွယ်ကို ကိုယ်ထိလက် ရောက် ထိခိုက်နာကျင်စေရန် ကြိုးပမ်းမှုဖြင့် စစ်ဆေးနေပြီး၊ ၁၃နှစ်အရွယ် လူငယ်မှာ တရားစီရင်ရန် ငယ်လွန်းသည့် အရွယ်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၃ရက်နေ့ ထိုင်ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဂျ် နတ်ရွာစံပြီး နောက် သားတော်ဖြစ်သူ မင်းသား ဝဇီရ လောင်ကွန်းဟာ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့တာဖြစ်ပါတယ်။