တရုတ်နိုင်ငံမှ အွန်လိုင်းလောင်းကစားမှုကြောင့် ခေတ္တပိတ်သိမ်းထားသော ဘဏ်အကောင့်များထဲမှ မူဆယ်ကုန်စည်ဒိုင် ပဲ၊ နှမ်းအသင်းသို့ အကြမ်းမျဉ်း စာရင်းတင်ပြထားသော မြန်မာနိုင်ငံသား ဘဏ်အကောင့် ၃၀၀ ကျော်ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း မူဆယ်နယ်စပ် ကုန်သည်များထံမှ သိရသည်။
ကုန်သည်စက်မှု အသင်းချုပ် ဗဟိုအလုပ်မှုဆောင်ဖြစ်သူ နယ်စပ်ကုန်သွယ်ရေးကော်မတီ ဥက္ကဌ ဦးလှဦးက ’’ဘဏ်အကောင့်တွေ အပိတ်ခံရတုန်းက မူဆယ်မှာ ပဲ၊ နှမ်းအသင်းကနေပြီးတော့ သူတို့ရဲ့ အဖွဲ့ဝင် အပိတ်ခံရတဲ့ ဘဏ်အကောင့်ပိုင်ရှင်တွေကို ခေါ်ပြီးတော့ စာရင်းတင်ဖူးတယ်။ အဲဒီမှာ မှတ်တမ်းတင်တဲ့သူ ၃၀၀ ကျော်လောက်ရှိတယ်။ အဲ့ဒီ ဘဏ်အကောင့် ၃၀၀ ကျော်က အခုပြန်ဖွင့်သွားပြီ ဖြစ်တယ်။ လာမတင်တဲ့ အကောင့်တွေလည်း အများရှိတယ်။ ပြောနေကြတာတော့ အပိတ်ခံရတဲ့ ဘဏ်အကောင့်က ၂၀၀၀ ကျော်တယ်ပေါ့။ ဖွင့်ပေးလိုက်တော့ စာရင်းမတင်တာလည်း ဖြစ်တယ်။ တော်တော်များများတော့ ဖွင့်ပေးလိုက်ပါပြီ’’ ဟု ပြောသည်။
အပိတ်ခံလိုက်ရသည့် ဘဏ်အကောင့် ၂၀၀၀ ကျော်တွင် ကုန်သည် လုပ်ငန်းရှင်များ၏ အကောင့် ၃၀၀ ကျော် ပါဝင်ပြီး အခြားအကောင့်များမှာ မြန်မာနိုင်ငံ မူဆယ်နယ်စပ်မှ တဆင့် တဖက် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် လုပ်သားများ၏ ဘဏ်အကောင့်များလည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ Agricultural Bank of Chain Construction Bank နှင့် Industrial and Commercial Bank of Chain ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံသား ပို့ကုန်၊ သွင်းကုန် ကုန်သည်လုပ်ငန်းရှင်များ၏ ဘဏ်အကောင့်များ ယာယီပိတ်သိမ်း ရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဇွန်လ ၂၃ ရက်နေ့ညနေပိုင်းတွင် စိစစ်ပြီးဖြစ်သော အမှုနှင့် မသက်ဆိုင်သည့် မြန်မာနိုင်ငံသား ဘဏ်အကောင့် ၃၀၀ ကျော်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံသား ဘဏ်အကောင့် တချို့သာ တရုတ်နိုင်ငံဖက်မှ စိစစ်ရန် ကျန်ရှိနေသေးကြောင်း ကုန်သည်များထံမှ သိရသည်။