တအောင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ဆက်သွယ်သည်ဟု ဆိုကာ တပ်မတော်မှ ဖမ်းဆီးထားသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် လဝီဝမ်(ဦးသိန်းဇော်)နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)မှ အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ ကိုပြည့်ဘုန်းနိုင်တို့ကို အမြန်ဆုံးပြန် လွှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) က တောင်းဆိုလိုက်ပါတယ်။
အဆိုပါ သတင်းထောက် ၃ ဦးအပါအဝင် ၇ဦးကို ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအနီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
“ဒီသတင်းထောက်တွေကို ချက်ခြင်းလွှတ်ပေးရမယ်၊ ကြောက်ရွံ့စိတ် ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်လပ် သူတို့အလုပ်ကို လုပ်ကိုင်ခွင့်ပြုရမယ်”လို့ AI အဖွဲ့၏ အရှေ့တောင်အာရှနှင့် ပစ္စဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ ဂျိမ်းဂိုမက်စ်က ဆိုပါတယ်။
ထိန်းသိမ်းခံထားရသည့် ဧရာဝတီနှင့် DVB သတင်းထောက်များဟာ အဆိုပါဒေသတွင် ပြုလုပ်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အတွက် သတင်းသွားရောက်ယူခြင်းဖြစ်ပါတယ်။