ထိုင်းနိုင်ငံသို့ ဗီဇာ အတုဖြင့် အလုပ်လုပ်ရန် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ဦးကို ကန်ချနဘူရီပြည်နယ်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
ထိုင်း လူဝင်မှုကြီးကြပ်ရေးရဲများနှင့် စစ်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က Pak Phraek မြို့နယ်က အိမ်တလုံးကို သတင်းအရ ယမန်နေ့နံနက် ၁၀နာရီခွဲခန့်က ဝင်ရောက်စီးနင်းရာ မြန်မာနိုင်ငံသား အမျိုးသမီးနှင့် အမျိုးသား ၁၅ဦးကိုတွေ့ရှိပြီး နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တွေကို စစ်ဆေး တဲ့အခါမှာတော့ ဗီဇာတုံး အတုများဖြစ်ကြောင်း တွေ့ရှိရ သဖြင့် သူတို့ကို တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ခြင်ဖြစ်ပါတယ်။
အိမ်ပိုင်ရှင်မှာလည်း အသက် ၄၃ နှစ်အရွယ်ရှိ Yao အမည်ရှိ မြန်မာလူမျိုးတဦးဖြစ်ပြီး သူ့ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ သူတွေဟာ ပွဲစားဝင်းကြူဆိုသူကို ဘတ် ၁၂၀၀၀ ပေးခဲ့ပြီး၊ သူတို့ကို အလုပ်ရှိရာကို ပို့ဆောင်ပေးမယ်လို့ ပြောတဲ့အတွက် စောင့်ဆိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ ယခုအခါမှာတော့ နယ်မြေခံရဲတပ်ဖွဲ့ လွှဲပြောင်းပေးအပ်လိုက်ပြီး အရေးယူပြီးနောက် မြန်မာပြည်ဘက်ခြမ်းကို ပြန်ပို့မယ်လို့ သိရပါတယ်။