တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား ငြိမ်းချမ်းရေးရရှိရန် ကြားဝင် ကြိုးပမ်းပေးခဲ့သော အသက် ၈၃ နှစ်အရွယ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာစဘွဲ့ဂျွမ် (Rev. Dr. Lahtaw Saboi Jum) ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဒေါက်တာ စဘွဲ့ဂျွမ်သည် လူကြီးရောဂါဖြင့် ၄ နှစ်ခန့် အိပ်ယာထဲလဲနေရာမှ ဇွန်လ ၂၆ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၌ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာ က ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ လဂျာ က “သူ့သမီးကို မနက်ကပဲ ကျနော်ဆီဖုန်းဆက်တော့ ၄ နှစ်လောက်ရှိပြီ။ ဦးနှောက်သွေးကြော ပေါက်ပြီးမှ လုံးဝ မလှုပ်မရှားနိုင်ဘူး။ အိပ်ယာထဲမှာလဲနေတာ။ စကားလည်းမပြောနိုင်ဘူး။ လူကြီးရောဂါလို့ပဲပြောရမှာပေါ့” ဟု သတင်း မီဒီယာ များကို ပြောသည်။
ဒေါက်တာ စဘွဲ့ဂျွမ်သည် တိုင်းရင်းသားဒေသအသီးသီးတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ အကြား စေ့စပ်ဖြန်ဖြေမှု လုပ်ငန်း များ လုပ်ဆောင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ ပါဝင်သော “တိုင်းရင်း သားလူမျိုးများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ မိဿဟာယအဖွဲ့” (Ethnic Nationalities Mediators Fellowship) ကိုဖွဲ့စည်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းများလုပ်ကိုင်ခဲ့သည်။
ထို့အတူ KIO နှင့် အစိုးရ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၁၉၈၀ နှစ်မှ စတင်ပါဝင်ခဲ့ပြီး ၁၉၉၄ ခုနှစ် KIO နှင့် စစ်အစိုးရအ ကြား အပစ်အခတ်ရပ်စဲရေးစာချုပ် ဖြစ်ပေါ်လာရန် အဓိကနေရာမှ ကြားဝင်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်တွင် KIO အား စစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးလာချိန်တွင်လည်း ကြားဝင် စေ့စပ် ညှိနှိုင်းပေးခဲ့သေးသည်။
၂၀၀၀ ခုနှစ်တွင်တော့ တနိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် “ငြိမ်းဖောင်ဒေးရှင်း” ကို တည်ထောင်ခဲ့ခဲ့ပြီး ထိုဖောင်ဒေးရှင်းကို လက်ရှိအစိုးရလက်ထက်အထိ သမီးဖြစ်သူက ဦးဆောင်ပြီး ဆက်လက်ဆောင်ရွက်လျှက်ရှိသည်။
ဒေါက်တာ လဂျာ က “ငြိမ်းချမ်းရေးကတော့ ကျနော်တို့မဖြစ်မနေ ကြိုးပမ်းရမယ့် ကိစ္စ၊ အောင်မြင်ရမယ့်ကိစ္စ၊ ပန်းတိုင် ရောက်ရမယ့် ကိစ္စ အဲဒီအတွက်ကြောင့် အဲဒီလိုကြိုးပမ်းတဲ့ပုဂ္ဂိုလ် ဆုံးသွားတာတော့ ကျနော်တို့ ဝမ်းနည်းတာပေါ့။ အဲဒါကြောင့် သူတည်ထောင်ခဲ့တဲ့ ငြိမ်းဖောင်ဒေးရှင်းကလည်း ဆက်လက်ပြီးတော့ ကြိုးပမ်းကြပါစေလို့ပဲ ပြောလိုပါတယ်” ဟုပြောသည်။
ဒေါက်တာ စဘွဲ့ဂျွမ်သည် ၁၉၅၀ နှစ်တွင် ကချင်နှစ်ခြင်း ခရစ်ယာန်များ အနက်မှ ပထမဆုံး မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်သို့ တက်ရောက်ခဲ့သော ကချင်ပုဂ္ဂိုလ်၆ ဦးအနက်မှတဦး အပါအဝင် ဖြစ်ခဲ့သည်။
ထို့အတူ ၁၉၉၃ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်တွင် အထွေထွေအတွင်းရေးမှူး အဖြစ် ၂ နှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
ဧရာဝတီအကြီးတန်းသတင်းထောက် ကျော်ခရေးသားပေးပို့သည်။