သတင်းတို

ထောက်ကြန့် ၄ လောင်းပြိုင် လူသတ်မှု စစ်ဆေးတွေ့ရှိချက် ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေ တွင် ဖြစ်ပွားခဲ့သည့် ၄ လောင်းပြိုင် လူသတ်မှုမှ စစ်ဆေးတွေ့ရှိချက် အခြေအနေများကို ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။

ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ချက်များအရ သေဆုံးသူ ဇနီးမောင်နှံတွင် အိမ်ထောင်ရေး၊ လူမှုရေးပြဿနာများ ရှိကြောင်း၊ အခင်းမဖြစ်ပွားမီ ၃ လ ခန့်မှ စ၍ စီးပွားရေး ကျပ်တည်းမှုများ ကြုံတွေ့နေရကြောင်း၊ သေဆုံးသူ ဦးစိုးနောင်သည် စိတ်မတည်ငြိမ်မှု၊ အအိပ်အစားပျက်မှုများရှိသည်ဟု ပတ်ဝန်းကျင်သက်သေများက ထွက်ဆိုကြောင်း၊ ၎င်း၏ ကိုယ်တွင် တွေ့ရသည့် ကန့်လန့်ပုံ ထိုးသွင်းဒဏ်ရာ ၄ ချက်သည် ပုံမှန်မဟုတ်သော စိတ်ခံစားမှုမျိုး ဖြစ်ပေါ်ချိန်တွင် မိမိကိုယ်ကို ထိုးသွင်းရရှိသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်က အတည်ပြုပြောကြားကြောင်း သိရသည်။

သေဆုံးသူ တဦးချင်းစီတွင် တွေ့ခဲ့ရသည့် ဓားဒဏ်ရာများသည် သိမ်းဆည်းရမိခဲ့သည့် သက်သေခံဓားဖြင့် ထိုးသွင်းရရှိခဲ့သည့် ဒဏ်ရာများ ဖြစ်ကာ ဓားသည် သေဆုံးသူ ဦးစိုးနောင်၏ ကိုယ်ပိုင်ဓားဖြစ်ကြောင်း၊ DNA စစ်ဆေးချက်အရ ဓားရိုးတွင် သေဆုံးသူ ဦးစိုးနောင်၏ DNA ကိုတွေ့ပြီး ဓားပေါ်ရှိ သွေးများတွင်လည်း သေဆုံးသူများဖြစ်သည့် ဦးစိုးနောင်၊ ဒေါ်ချယ်ရီပွင့်၊ မောင်ဟန်သူရနှင့် မောင်စွမ်းထက်မြက်တို့၏ DNA များသာ တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က အသက် ၃၇ နှစ် အရွယ်ရှိ ဦးစိုးနောင်၊ အသက် ၃၄ နှစ်ရှိ ဒေါ်ချယ်ရီပွင့်၊ အသက် ၁၃ နှစ်ရှိ မောင်ဟန်သူရနှင့် အသက် ၈ နှစ်အရွယ် မောင်စွမ်းထက်မြတ်တို့ ၄ ဦးကို ၎င်းတို့နေထိုင်ရာ ထောက်ကြန့်ရှိ နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်။

အဆိုပါ အမှုကို သက်သေ၊ ကျွမ်းကျင်ပညာရှင်များ၊ သက်မဲ့သက်သေအထောက်အထားများမှ စစ်ဆေးပေါ်ပေါက်ချက်များအရ ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Loading