သတင်းတို

ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် မွေးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းသူ မထူးထူးမွန် ရွေးချယ်ခံရ

မွေးရာပါ ကိုယ်လက်အင်္ဂါများ ချို့ယွင်းသူ မထူးထူးမွန်သည် ယခုနှစ် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင် စားမေးပွဲ အောင်မြင်ခဲ့သည့်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုခံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

မထူးထူးမွန်သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ပြီး မအောင်မြင်ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အောင်မြင်ခဲ့သောကြောင့် ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ်ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။

ဖခင်ဖြစ်သူမှာ ကွယ်လွန်သွားပြီ ဖြစ်ပြီး မိခင်ဖြစ်သူမှာ တောင်သူ လုပ်ငန်းကို လုပ်ကိုင်သူသာ ဖြစ်သောကြောင့် သတ္တမတန်း အထိသာ ကျောင်းထားနိုင်ခဲ့ပြီး အဋ္ဌမတန်းမှစ၍ ဒသမတန်းအထိ ဦးခင်မောင်ဆွေ ဆိုသူက ပညာဒါနအနေဖြင့် ပညာဆက်လက်သင်ယူစေခဲ့ကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ်ရှိ မထူးထူးမွန်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း ၃ ဦးအနက် အငယ်ဆုံးဖြစ်သည်။

မွေးဖွားစဉ်ကတည်းကပင် ညာဖက်လက်တွင် လက်ချောင်းများမပါရှိခြင်း၊ ဘယ်ဖက်လက်သည် တံတောင်ဆစ်အထိသာ ပါခြင်း၊ ခြေထောက်နှစ်ဖက်သည် ဒူးခေါင်းအထိသာ ပါရှိသည့် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းသူ ဖြစ်သည်။

Loading