ထိုင်းနိုင်ငံ၏ ပိုမိုတင်းကျပ်လာသည့် နိုင်ငံခြား အလုပ်သမားဥပဒေကြောင့် အိမ်နီးချင်း တိုင်းပြည် များမှ လာရောက်သည့် အလုပ်သမားများ ထွက်ခွာမှုများ ဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ယနေ့ကတိပြုပြောကြားလိုက်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့က စတင်အသက်ဝင်ခဲ့သည့် ပြည်ပအလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေအရ ထိုင်းအလုပ်ရှင်တဦးသည် တရားမဝင် အလုပ်သမား ငှားရမ်းအသုံးပြုပါက တဦးလျှင် ဘတ်ငွေ ၄သိန်းပေးဆောင်ရမည်ဖြစ်ပြီး၊ ထိုဒဏ်ငွေ ပမာဏသည် ယခင်ထက်အနည်းဆုံး ၄ဆများပြားနေသည်။
ထိုတင်းကျပ်သည့် ဥပဒေကြောင့် ပြည်ပအလုပ်သမား အများအပြား ထိုင်းနိုင်ငံမှ ပြန်လည် ထွက်ခွာ ကြသဖြင့် စီးပွားရေး ကဏ္ဍအများအပြားနှင့် အိမ်အလုပ်အတွက် အလုပ်သမား ငှားရမ်းသူများ အတွက် ဆိုးကျိူးများဖြစ်ပေါ်လာမည်ဖြစ်သည်။
“ဒီအပြောင်းအလဲကာလမှာ ဘာလုပ်ရမယ်ဆိုတာ ကျနော်အဖြေရှာမယ်၊ အသေးစားအလုပ်ရှင်တွေ ကို ဘယ်လိုကူညီရမလဲဆိုတာကို ကျနော်လေ့လာမယ်”ဟု ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ကတိပြု ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေသစ် အသက်ဝင်ပြီးနောက် ထိုင်းအစိုးရ တာဝန်ရှိသူများက တရားမဝင်အလုပ်သမား များကို ရဲတပ်ဖွဲနှင့် သာမက စစ်တပ်ကပါ ဖမ်းဆီးနေပြီး၊ တချို့အလုပ်သမားများသည် ထွက်ပြေးတိမ်း ရှောင်မှုများ ရှိနေသည်။
ဘန်ကောက်- မဲဆောက်လမ်းခရီးရှိ ဂိတ်များတွင်လည်း မြန်မာအလုပ်သမားများကို ဖမ်းဆီးမှုများရှိ နေကြောင်း သိရသည်။
အဆိုပါ အရေးနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာတာဝန်ရှိသူများ ယနေ့ ဆွေးနွေးလျှက်ရှိပြီး ထိုင်း ဝန်ကြီးချုပ်က အဆိုပါ ပြဿနာကို လေ့လာရန် ရက်ပိုင်း ၁၂၀ ဖမ်းဆီးမှု ဆိုင်းငံလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထိုဥပဒေ စတင်သက်ဝင်ပြီး နောက်အကောင်အထည်ဖေါ်မှုနှင့် ပတ်သက်သော အလုပ်ရှင်နှင့် အလုပ် သမားများ ရင်ဆိုင်ရသည့် ပြဿနာများကို မဲဆောက်အခြေစိုက် ရွှေ့ပြောင်းလုပ်သားလုပ်ငန်း အဖွဲ့ (MWG) သို့ အကြောင်းကြားမှုများ ရှိခဲ့ကြောင်း သိရသည်။
ထိုဥပဒေသည် တရားမဝင်အလုပ်သမားများ အသုံးပြုကာ ဥပဒေချိုးဖောက်သော အလုပ်ရှင်နှင့် အလုပ်သမား ၂ဦးလုံးအပေါ် လွန်စွာကြီးမားသော ပြစ်ဒဏ်များ ချမှတ်နိုင်သည့်အတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် အရာရှိများအကြား ကြီးမားသော ရှုပ်ထွေးမှုဖြစ်လာစေမည်ဟု MWG အဖွဲ့မှ သုံးသပ်သည်။
ယခုအခါ အလုပ်ရှင်များက ၎င်းတို့၏ လက်ရှိ့ရွေ့ပြောင်းလုပ်သားများကို စတင်အလုပ်မှ ထုတ် ပယ် နေပြီး အရေးယူဖမ်းဆီးမှုပြုလုပ်မှု မြင့်မားလာကြောင်း၊ တရားဥပဒေ၏ ဟာကွက်အသုံးပြုကာ တရား ဥပဒေ စိုးမိုးရေး အရာရှိများသည် အလုပ်သမားနှင့် အလုပ်ရှင်များကို ငွေညှစ်ကြကြောင်း MGW အဖွဲ့ကဆိုသည်။