သတင်းတို

ပြည်သူလူထုက YBS စနစ်လွဲမှားမှုများအပေါ် သည်းခံပေးနေဆဲဟု ဦးဝင်းထိန်ပြောဆို

ပြည်သူလူထုဘက်မှ NLD အပေါ် မေတ္တာ မပျက်သေး သဖြင့် YBS ယာဉ်လိုင်းသစ် စနစ် လွဲမှား မှုများအပေါ် သည်းခံနေကြခြင်း ဖြစ်သည်ဟု ပါတီ ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ယူဆထားသည် ။

ဦးဝင်းထိန်က “YBS ဆိုတာ အရင်တုန်းက ကျနော်တို့တသက်လုံး စီးလာတဲ့ မထသ လိုဖြစ်လာတာဆိုတော့ ဒီလိုဖြစ်နေတာပေါ့။ သို့သော်လည်း ပြည်သူလူကသည်းခံတဲ့ အတိုင်းအတာ တော်တော်ကိုကြီးတယ်။ အဲဒီလို ကြီးတယ် ဆိုတာ ပြည်သူလူထုက ကျနော်တို့ကို မေတ္တာမပျက်သေးဘူးလို့ ယူဆရတာပေါ့” ဟု ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ နည်းပညာ တက္ကသိုလ် များမှ ကျောင်းသားသမဂ္ဂများနှင့် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာတွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

YBS စနစ်သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ စနစ်ကျမှု မရှိခြင်း၊ အဆင်မပြေခြင်း၊ သွားလာရသည့်အခါ လမ်းကြောင်း အဆင့်ဆင့်များကြောင့် ငွေကုန်ကျစရိတ်ပိုများနေခြင်းတို့ကြောင့် NLD အစိုးရ ဆောင်ရွက်ချက် များအနက် ပြည်သူ၏ ဝေဖန်ပြောဆိုစရာ အကြောင်းအရာတခု ဖြစ်ခဲ့သည်။ YBS ယာဉ်လိုင်းစနစ်မှာ တိုင်းအစိုးရ၏ ထောင့်မစေ့မှုကြောင့် ဗရုတ်သုတ်ခ နိုင်သော်လည်း ဖြစ်လာသည့် ပြဿနာများကို ဝိုင်းဝန်းကူညီသူများ ပေါ်ပေါက်လာခြင်း က နိုင်ငံရေးအရ ထူးခြားမှု တခု ဖြစ်သည် ဟုလည်း ဦးဝင်းထိန်က ပြောသည် ။

ဦးဝင်းထိန်က “YBS က ရှင်းရှင်းပြောရရင် ဗရုတ်သုတ်ခပဲ၊ ဒါပေမယ့် ဗရုတ်သုတ်ခထဲမှာ အမြတ်က ဘာလဲဆိုရင် ဒီ YBS လုပ်တာဟာ ရန်ကုန်တိုင်းအစိုးရ က ကြိုးစားပြီးလုပ်တယ်။ လုပ်တဲ့ နေရာမှာ ထောင့်မစေ့တဲ့ အတွက် ပြဿနာတွေ ပေါ်တယ်။ ပြဿနာတွေပေါ်သော်လည်း အဲဒီ ကိစ္စကို ဝိုင်းပြီးတော့ ဆောင်ရွက်ပေးတဲ့ သူတွေပေါ်လာတယ်။ ဒါက နိုင်ငံရေး အရ ကြည့်မယ်ဆိုရင် ထူးခြားချက်ပေါ့ ၊ အခုကြည့်ရင်းကြည့်ရင်းနဲ့ တော်တော်တော့ရောက်နေပြီ” ဟုပြောသည် ။

ထိုကျောင်းသားသမဂ္ဂအဖွဲ့များသည် လွှတ်တော်သို့ လာရောက်လေ့လာစဉ် လွှတ်တော် လုပ်ငန်းစဉ် နှင့် ပတ်သက်သည့်အချက်များကို နားလည်ရန် ဦးဝင်းထိန် အပါအဝင် NLD အမတ် တချို့ နဲ့ တွေ့ဆုံခဲ့ခြင်းဖြစ်သည် ဟု လည်း သိရသည်။ ပုဒ်မ ၆၆ ဃ ကိစ္စ၊၂၁ ရာစု ပင်လုံ ညီလာခံ၊ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေများ နှင့် လွှတ်တော် လုပ်ငန်းစဉ် အသေးစိတ်များကို ထိုသို့ တွေ့ဆုံစဉ် ဆွေးနွေးမေးမြန်းခဲ့ကြသေးသည်။

Loading