ရခိုင်ပြည်နယ်တွင် ဒေသတွင်း ရေရှည်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူများ အတွက် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ထောက်ပံ့သွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အခြေအနေများ မတည်ငြိမ်စေရန် ရည်ရွယ်ဆောင်ရွက်လာသည့် တိုက်ခိုက်မှုများ၊ ခြိမ်းခြောက်များ၊ အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများထပ်မံ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများကို ပြစ်တစ်ရှုှုံ့ချကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ အကြမ်းဖက်တိုက်ခိုက်မှုမှ အစပြု၍ ပြည်ပမှ လက်နက်နှင့် ငွေကြေး အထောက်အပံ့များ ရယူပြီး အကြမ်းဖက်သင်တန်းများ ပေးနေသည့် အစွန်းရောက် အကြမ်းဖက်သမားများမှ ဆောင်ရွက်နေသည်ကို သက်သေအထောက်အထားများ အရ သိရှိရကြောင်း ယင်းကြေညာချက်တွင် ထုတ်ပြန်ထားသည်။
ရဲတပ်ဖွဲ့ကလည်း ဒေသတွင်း မတည်ငြိမ်အောင် ဆောင်ရွက်သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်နိုင်ရေးနှင့် အမြစ်ပြတ် ရှင်းလင်းဖယ်ရှားနိုင်ရေး အတွက် ဖြစ်စဉ်များ ဖော်ထုတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ပြစ်မှုကျုးလွန်သူများကို အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အစိုးရသည် ၂၀၁၇ ခုနှစ် ဇွန် ၁၆ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ မြန်မာငွေကျပ် ၂၆၇၂ ဒသမ ၃၅၂ သန်း ထောက်ပံ့ထားပြီး ယင်းအကူအညီကို ပဋိပက္ခဖြစ်ပွားရာ ဒေသတွင်း နှစ်ဖက်အသိုင်းအဝိုင်းများကို ပံ့ပိုးခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဒေသများကို ကျန်းမာရေးနှင့် ပညာရေးအထောက်အပံ့များ ဆက်လက် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။