သတင်းတို

စံချိန်မမီ၍ ပြန်ဆောက်ပေးရသည့် ဧရာဝတီတိုင်းလွှတ်တော် အုတ်တံတိုင်းများ ထပ်စစ်မည်ဟုဆို

အရည်အသွေး မပြည့်မီသောအုတ်များ အသုံးပြု တည်ဆောက်ခဲ့သဖြင့် ဖြိုချပြီး ပြန်လည် တည်ဆောက်ခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အုတ်တံတိုင်းများကို ဆောက်လုပ်ရေးဆိုင်ရာ ပညာရှင်များ ပါသော အဖွဲ့ဖြင့် ဇူလိုင် ပထမပတ်အတွင်း ထပ်မံ စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျပ် ၅ ဘီလီယံကျော် အသုံးပြု တည်ဆောက်နေသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကို ပုသိမ်မြို့အဝင် ဝန်ကြီး များ အိမ်ရာဘေးရှိ မြေပေါ်တွင် Royal Princes ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပြီး ပထမ အဆင့် အနေ ဖြင့် မြေပြုပြင်ခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်းနှင့် ခြံစည်းရိုး အုတ်တံတိုင်း ခတ်ခြင်းများကို ယခုနှစ် မေလမှ စတင် ဆောင် ရွက်ခဲ့ခြင်း ဖြစ်သည်။

မေလကုန်ပိုင်းတွင် ဧရာဝတီတိုင်းလွှတ်တော်က ကွင်းဆင်း စစ်ဆေးရေးအဖွဲ့အား စေလွှတ်၍ စစ်ဆေးခဲ့ရာတွင် အုတ် တံတိုင်းများမှာ အရည်အသွေး ညံ့ဖျင်းသော အုတ်များကို အသုံးပြု တည်ဆောက်ထားခြင်း၊ ခြံစည်းရိုးတိုင်များ ဖြောင့် တန်းမှုမရှိဘဲ ရွဲ့စောင်းနေခြင်းကြောင့် သံပန်းများ ကွာဟနေခြင်း၊ အုတ်စီရာတွင် သေသပ်မှု မရှိခြင်းနှင့် အုတ်ဆက်ကြား တွင် ဘိလပ်မြေ သုံးစွဲမှု နည်းပါးခြင်းကြောင့် ဖောက်ထွင်း မြင်နေရခြင်းများကို တွေ့ရှိခဲ့သဖြင့် အုတ်တံတိုင်း အကန့် ၉ ကန့် ကို ဖြိုချပြီး အရည်အသွေး ပြည့်မီသော အုတ်များဖြင့် ပြန်လည် တည်ဆောက်ပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

လွှတ်တော်တည်ဆောက်ရန် တင်ဒါခေါ်ယူခြင်းကို ၂၀၁၇နှစ်ပိုင်းက စတင်ခဲ့ခြင်း ဖြစ်ရာ အဆိုပါ ကုမ္ပဏီက တင်ဒါအောင် မြင်ခဲ့ခြင်းဖြစ်သည်။ အဆောက်အအုံ ဒီဇိုင်းပုံစံကိုလည်း မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်းမှ ပညာရှင်များ ပါဝင်သည့် အဖွဲ့ဖြင့် တင်ဒါခေါ်ယူကာ စိစစ်ရွေးချယ်ထားပြီး တင်ဒါအောင်ခဲ့သည့် ဒီဇိုင်းအတိုင်း စီမံကိန်းကာလ ၂ နှစ် အတွင်း အပြီးတည်ဆောက်ရန် သတ်မှတ်ထားကြောင်း ဧရာဝတီတိုင်းလွှတ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။

Loading