ထိုင်းအစိုးရက ပြဋ္ဌာန်းလိုက်သည့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ငှားရမ်းသော အလုပ်ရှင်များ အတွက် ပြစ်ဒဏ်အသစ် ချမှတ်သည့် ဥပဒေ အပါအဝင် တခြားသော ဥပဒေများကို ယခုနှစ်ကုန် အထိ ဆိုင်းငံ့မည်ဖြစ်ကြောင်း ထိုင်းစစ်တပ်အကြီးအကဲ ချာလမ်ချိုင် ဆစ်သီဆတ်က ယနေ့ပြောလိုက်သည်။
ယင်းဥပဒေများကို ရက်ပေါင်း ၁၈၀ ဆိုင်းငံ့ရန် အာဏာသိမ်း ထိုင်းစစ်တပ် အမျိုးသား ငြိမ်းချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ(NCPO)က ကြားဖြတ် ဖွဲ့စည်းပုံ ပုဒ်မ ၄၄ကို အသုံးပြု မည်ဟု သိရ သည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့က ထုတ်ပြန်သည့် ဥပဒေသစ်တွင် တရားမဝင် အလုပ်သမား အသုံးပြု သော အလုပ်ရှင်များအနေဖြင့် ဘတ် ၄သိန်းမှ ၈သိန်းအထိ ဒဏ်ငွေ ချမှတ်မည်ဖြစ်ကြောင်း ပါရှိ သည်။
ထိုဥပဒေကြောင့် အလုပ်ရှင်များအနေဖြင့် ငှားရမ်းထားသည့် တရားမဝင်အလုပ်သမားများကို အလျင် အမြန် အလုပ်မှ ဖြုတ်လိုက်ရာ မှတ်ပုံတင်မထားသည့် အလုပ်သမား ၃သောင်းခန့် နေရပ်သို့ ပြန်သွား ခဲ့သည်။
အဆိုပါ ဥပဒေသစ်သည် လိုအပ်သော ချိန်ညှိမှု ပြုလုပ်ရန် အချိန်အနည်းငယ်သာ ရသည့်အတွက် လူအများအပြားကို အနှောင့်အယှက်ဖြစ်ေကြောင်း NCPO အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ချာလမ်ချိုင်း ကဆိုသည်။
ထို့ကြောင့် ပုဒ်မ ၁၀၁၊ ၁၀၂၊ ၁၁၉ နှင့် ၁၂၂ များကို အကောင်အထည်ဖော်ရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့ အထိ ရက်ပေါင်း ၁၈၀ ဆိုင်းငံ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။
ပုဒ်မ ၁၀၁ တွင် တရားမဝင် အလုပ်သမားများအတွက် ပြစ်ဒဏ်များကို ဖော်ပြပြီး၊ ပုဒ်မ ၁၀၂ တွင် ဥပဒေကို ချိုးဖောက်သော အလုပ်ရှင်များအတွက် ပြစ်ဒဏ်နှင့် ပုဒ်မ ၁၁၉တွင် သတင်းပေးပို့ခြင်း မပြုသည့် အလုပ်အကိုင်နှင့် ပုဒ်မ ၁၂၂တွင် တရားမဝင်အလုပ်သမားများ၏ အလုပ်အကိုင်တို့ကို ဖော်ပြထားသည်။
ယခုပြဋ္ဌာန်းလိုက်သည့် ဥပဒေများက ပြည်ပအလုပ်သမားများ အလုပ်အကိုင်ကို စနစ်တကျဖြစ်စေပြီး၊ အမျိုးသား လုံခြုံရေးကို မြှင့်တင်ပေးရေးကို အကျိုးပြုကြောင်း ဗိုလ်ချုပ်ကြီး ချာလမ်ချိုင်က ပြောသည်။
ယခင် ပြည်ပအလုပ်သမားနှင့် ပတ်သက်သည့် ဥပဒေများမှာ လျော့ရဲပြီး၊ ထိုင်းနိုင်ငံတွင် ပြည်ပအလုပ် သမားမည်မျှရှိသည်ကို မသိရပေ။ ထိုင်းကုန်စည်၏ အဓိက ဈေးကွက်ဖြစ်သော ဥရောပ သမဂ္ဂသည် ထိုင်းနိုင်ငံ၏ ပြည်အလုပ်သမားရေးရာများကို စောင့်ကြည့်နေပြီး ထိန်းချုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ရှင်းပြသည်။
ထို့အပြင် ဒဏ်ငွေမြင့်မားခြင်းမှာ အခြားအလုပ်သမား ဥပဒေများနှင့် တန်းတူသာဖြစ်ပြီး စီးပွားရေး တခုလုံးကို အကျိုးရှိစေမည်ဟု သူကဆက်ပြောသည်။
ယခုဥပဒေသစ်ကြောင့်လည်း ရွှေ့ပြောင်း အလုပ်သမားများ ရုတ်တရက် ပြန်လည်ထွက်ခွာနေမှုကို လည်း ထိုင်းအစိုးရအနေဖြင့် အဆင်ပြေစေရန် လုပ်ပေးနေကြောင်း သိရသည်။