လာမည့် ၂ ရက်အတွင်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပိုပြီးတက်လာနိုင်သောကြောင့် မြစ်ရေဝင်နိုင်သည့် မြို့များအနေဖြင့် သတိပြုရန်လိုအပ်ကြောင်း ကို မိုးလေဝသနှင့် ဇလဗေဒညွှန်မှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။
“နောက် ၂ ရက်အတွင်းကို ချင်းတွင်းမြစ်ရေက စိုးရိမ်ရသေးတယ်။ အခုလက်ရှိ ရေအမှတ်ကို ထပ်ပြီးတက်လာမယ့် အနေအထားတွေ ရှိတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ မိုးများတဲ့ အနေအထားမို့လို့ ချင်းတွင်းမြစ်ထဲ ရေတက်မှာ များတယ်ပေါ့ ဧရာဝတီမြစ်က ရှေ့ရက်မှာ နည်းနည်း တက်သွားပြီး အခုရက်ပိုင်းတော့ ကျသွားတယ်” မိုးလေဝသနှင့် ဇလဗေဒညွှန်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “မြစ်ရေ ဝင်ရောက်တဲ့ နေရာတွေမှာ ရေဘေးလွတ်တဲ့ နေရာတွေကို ဒီရက်ပိုင်းတော့ ရှောင်သင့်တယ်။ မြစ်ကမ်းပါးနဲ့ နီးတဲ့ ပြည်သူတွေ အနေနဲ့လည်း လောလောဆည် မြစ်ရေ မတက်သေးဘူးဆိုရင်တောင် နောက်ရက်တွေမှာ မြစ်ရေ တက်လာနိုင်တဲ့ အနေအထားလေးတွေ ဖြစ်တော့ ကြိုတင်ပြင်ဆင်ထား ဖို့တော့ လိုပါတယ်” ဟု ပြောသည်။
မြစ်ရေ ဝင်ရောက်နိုင်သည့် မြို့များ ဖြစ်သည့် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ် နှင့် မော်လိုက်မြို့နယ် အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် သတိထားရန် လိုအပ်ကြောင်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ခန္တီးမြို့နယ်တွင် ဇူလိုင်လ ၃ ရက်ကတည်း ရေဝင်ခဲ့၍ အိမ်ခြေ ၁၅၀ ကျော် လူဦးရေအားဖြင့် ၅၀၀ ကျော်ကို ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ထားရကြောင်းကို ဟုခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ရှင်းပြသည်။
၎င်းက“ရေဝင်တာကတော့ အနိမ့်ပိုင်းတွေပေါ့။ ရပ်ကွက်ကတော့ ၃ ရပ်ကွက်ပဲ ပေါမိုင်း၊ ဇီးဖြူကုန်း၊ မြို့မ ပေါ့။ ရေတအား တက်လာတာကတော့ မနေ့ညကမှ တက်လာတာ။ တချို့နေရာတွေကတော့ ပေါင်လည်လောက်ရှိတယ်၊ တချို့နေရာ တွေကတော့ ခြေသလုံးလောက်ရှိတယ်” ပြောသည်။
ယနေ့ ဇူလိုင် ၅ ရက်နေ့တွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ၁ ပေခွဲခန့်၊ ဟုမ္မလင်းမြို့တွင် ၂ ပေခန့်၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ပေဝက်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေသည်။
လာမည့်ရက်တွင် ခန္တီးမြို့၌ ၁ ပေခန့် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေမည် ဖြစ်ပြီး နောက် ၂ ရက်တွင် ဟုမ္မလင်းမြို့၌ ၁ ပေခွဲခန့်၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ၂ ပေခန့်စီ ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေမည် ဖြစ်ကြောင်း သိရသည်။