ဂျပန်နိုင်ငံတောင်ပိုင်းမှာ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေတဲ့အတွက် ဒိုင်ဟတ်ဆု ကားကုမ္ပဏီနဲ့ ယာမာတို သယ်ယူပို့ဆောင်ရေး အပါအဝင် အဓိကကျတဲ့ ဂျပန်ကုမ္ပဏီ ကြီးများ တော်တော်များလုပ်ငန်းရပ်ဆိုင်းထား ရကြောင်း သိရပါတယ်။
အိုအိတ စီရင်ဆုက နာကက်ဆု ရှိ ဒိုင်ဟတ်ဆု အသေးစားကားထုတ်လုပ်ရေး စက်ရုံဟာ ရပ်ဆိုင်း ထားရပြီး၊ မနက်ဖြန် အလုပ်ပြန်စနိုင်မနိုင်ဆိုတာကို စောင့်ကြည့်နေကြပြီး၊ ဖူကူအိုကာက အင်ဂျင် ထုတ်လုပ်တဲ့ စက်ရုံကတော့ မနေ့ကတည်းက ပိတ်လိုက်ရတာဖြစ်ပါတယ်။
အလားတူ ဂျပန် သယ်ယူပို့ဆောင်ရေးကုမ္ပဏီ ယာမာတိုဟာလည်း မိုးကြီးပြီး ရေလျံနေတဲ့အတွက် လုပ်ငန်းရပ် နားထားရပြီး၊ တောင်ပိုင်း ဖူကူအိုကာနဲ့ အိုအိတမှာရှိတဲ့ စာတိုက်တွေဟာလည်း ရေကြီးနေတဲ့အတွက် စာတွေ မဝေနိုင်ဘူးဖြစ်နေပါတယ်။
.ဆူပါ မားကက် လုပ်ငန်းရှင် အေအွန်းကတော့ အိုအိတ မှာရှိတဲ့ သူတို့ကုန်လှောင်ရုံတွေကနေ ကုန် တွေ ပို့ဖို့ ကြန့် ကြာနေပေမယ့်လည်း ဆိုင်ခွဲတွေကိုတော့ ပုံမှန်ဖွင့်ထားနိုင်အောင် လုပ်နေကြတယ်လို့ ဆိုပါတယ်။
ဆက်ပိုရို ဘီယာစက်ရုံကတော့ သူတို့လုပ်ငန်းတွေကတော့ ရိုက်ခတ်မှုမရှိဘူးလို့ ဆိုပါတယ်။
ဟွန်ဒါ ကားထုတ်လုပ်ရေးနဲ့၊ ကင်နွန်၊ ရီနီဆက် လျှပ်စစ်ကော်ပိုရေးရှင်းတွေကတော့ ပုံမှန်လည်ပတ် နေဆဲဖြစ်တယ်လို့ သိရပါတယ်။