မြန်မာ့ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး 15th ASEAN Ports and Shipping 2017 Conference and Exhibition ကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပလျက်ရှိကြောင်း မြန်မာ့ဆိပ် ကမ်း အာဏာပိုင်ရုံးမှ သိရသည်။
ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်လာစေရန် အာဆီယံဒေသတွင်း နိုင်ငံများမှ နည်းလမ်းများ ရှာဖွေ ပူးပေါင်း ဆောင်ရွက်ရန် နှင့် တခုတည်းသော သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေး အသိုက်အဝန်း ဖြစ်ပေါ်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြပွဲသို့ မြန်မာနိုင်ငံ အပါအဝင် သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်္ဂလန်၊ ဂျာမဏီ အစရှိသည့် နိုင်ငံပေါင်း ၁၈နိုင်ငံခန့်မှ ကိုယ်စားလှယ်ပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး ပြခန်းပေါင်း ၅၀ ကျော်ဖြင့် ဇူလိုင်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ၃ရက် ပြုလုပ်သွားမည် ဖြစ်သည်။
ယင်းပြပွဲတွင် သင်္ဘောတည်ဆောက်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ကိရိယာများကို ပြသခဲ့ပြီး ဆိပ်ကမ်းနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှု နည်းပညာများကိုလည်း ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များ အချင်းချင်း ဖလှယ်နိုင်မည် ဖြစ်သည်။