နိုင်ငံအဝှမ်းရှိ အစိုးရဝန်ထမ်းများအနေဖြင့် ရရှိသည့် လစာငွေ၏ ၃ ဆကို ကို ၁ ကျပ် အတိုးနှုန်းဖြင့် ချေးပေးနေသည့် အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးဘဏ် (SMIDB)က ချေးငွေထုတ်ပေးနေရာ နေပြည်တော်အတွင်း ယနေ့အထိ အစိုးရ ဝန်ထမ်း ၂၀၀၀ မှ ၃၀၀၀ ခန့် ချေးငွေ ရယူထားကြောင်း နေပြည်တော် ဘဏ်ခွဲတာဝန်ခံ ဒေါ်ယဉ်ယဉ်ဌေးက ပြောသည်။
အဆိုပါ ချေးငွေပေးသည့် စနစ်ကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဇွန်လအတွင်းက စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရာထူးသတ်မှတ်ချက် မရှိဘဲ အစိုးရ ဝန်ထမ်းအားလုံးကို ချေးငွေထုတ်ပေးကြောင်း၊ ယာဉ်မောင်း၊ ရုံးအကူ စသည့် အခြေခံ ဝန်ထမ်း အဆင့်မှ ဦးစီးမှူး အဆင့်အထိ လစာ ၂၅၀၀၀၀ ကျပ်အောက် ရရှိသည့် ဝန်ထမ်းများက အများဆုံး ချေးယူကြကြောင်း၊ ချေးငွေများကို စတင်ရယူပြီးသည့် နောက်တနှစ် အတွင်း အရစ်ကျ စနစ်ဖြင့် ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေမှ ချေးငွေထုတ်ယူလိုသည့် ဝန်ထမ်းများသည် SMIDB ဘဏ်၊ နေပြည်တော် ဘဏ်ခွဲ ရှေ့တွင် ဘဏ်မဖွင့်ခင် မနက် ရှစ်နာရီခန့်ကတည်းက ရောက်ရှိနေပြီး လျှောက်ထားသူ အများအပြား ရှိသည်။
လျှောက်ထားရာတွင် ဘဏ်မှ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ၊ မိမိဌာနဆိုင်ရာ မှ အထက်အကြီးအကဲ ၏ ထောက်ခံချက်၊ လျှောက်ထား သူ ၏ မှတ်ပုံတင်၊ ဝန်ထမ်းကတ်၊ ငွေချေးသူအား အာမခံပေးမည့်သူ ၂ ဦး၊ အာမခံပေးမည့်သူ ၂ ဦး၊ ၎င်းတို့၏ သန်းခေါင် စာရင်း၊ မှတ်ပုံတင်၊ အမှန်တကယ် နေထိုင်သည့် နေရပ်လိပ်စာ တို့နှင့် အတူ SMIDB ဘဏ်အားလုံးတွင် ရုံးချိန် အတွင်း လာရောက်လျှောက်ထား နိုင်သည် ။
အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေး ဘဏ် (SMIDB) သည် ၁၉၉၆ ခုနှစ် ကတည်းက စက်မှုဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အများပိုင်ကုမ္ပဏီ အဖြစ် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သီးခြားရပ်တည်နေသည့် ပုဂ္ဂလိကဘဏ် တခု ဖြစ်သည်။ တနိုင်ငံလုံးတွင် ဘဏ်ခွဲ ၁၅ ခုခန့် ရှိပြီဖြစ်သည့် ဘဏ်တခု ဖြစ်သည်။