အစိုးရ အနေဖြင့် လယ်သမားများကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ အရ ငွေကြေး ချေးငှားနိုင်ရန် ၂၀၀၈ လယ်ယာမြေ ဥပဒေကို လက်ရှိခေတ်ကာလနှင့် လိုက်လျောညီထွေမှု ဖြစ်နိုင်ရန် အတွက် ပြင်ဆင်သည့် ဥပဒေကြမ်းရေးဆွဲနေကြောင်း သိရသည်။
ထို့ပြင် တောင်သူလယ်သမား ဖွံံ့ ဖြိုးရေးဘဏ် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ငွေချေးငှားပေးနေကြောင်း၊ တောင်သူလယ်သမား ဖွံံ့ ဖြိုးရေးဘဏ် များကို စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး တို့တွင် မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် အနှံ့တွင် တောင်သူလယ်သမား ဖွံဖြိုးရေးဘဏ်များ ဖွင့်လှစ်ပေးနိုင်ရန် လိုအပ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြန်လည်ဖြေကြားခဲ့သည် ။
၂၀၀၈ ခုနှစ် လယ်ယာမြေ ဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ကို အပေါင်ထားပြီး တောင်သူ လယ်သမားများအား ချေးငွေ ထုတ်ပေး ရန် အစီအစဉ် ရှိ၊ မရှိ ကို ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက မေးမြန်းခဲ့သည်။
ထိုကဲ့သို့ ချေးပေးမည်ဆိုပါက ဥပဒေ နှင့် နည်းဥပဒေ များမှာ တိတိကျကျ ပြဌာန်းပြီးသားဖြစ်သည့် အတွက် အကောင်အထည် ဖော်ဆောင်ရွက်ပေးမည် ဆိုပါက လယ်သမားများ အဆင်ပြေနိုင်မည် ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန များကလည်း ပုံစံ ၇ ကို အပေါင်ယူထားပြီး ထုတ်ချေးပေးရခြင်း ဖြစ်သည့်အတွက် ငွေကြေးလေလွင့် ဆုံးရှံးနိုင်မည် မဟုတ်ကြောင်းမေးခွန်းရှင်က လွှတ်တော်တွင်းတင်ပြခဲ့သည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက “၂၀၀၈ ခုနှစ် လယ်ယာမြေ ဥပဒေ ပြဌာန်းချိန် က စပြီး ပုံစံ ၇ ကို အပေါင်ထားပြီး ချေးငွေ များ ရယူနိုင်ဖို့ အတွက် လယ်သမားများက မျှော်လင့် နေကြတာ ဖြစ်ပါတယ်”ဟု မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောဆိုခဲ့သည် ။
ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ဦးစိုးဝင်းက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ကို အပေါင်ထားပြီး လယ်ယာစိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးများရရှိစေရန် ချေးငွေများထုတ်ချေးမည့် အစိုးရဘဏ် သို့မဟုတ် အစိုးရ က အသိအမှတ်ပြုသော ဘဏ်များ တည်ထောင်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည် ။
မိုးဦးကျ ကာလသည် တောင်သူလယ်သမားများ၏ စားဝတ်နေရေး ကျပ်တည်းသည့်ကာလ ဖြစ်ကြောင်း၊ ငွေရှင် ကြေးရှင်များထံမှာ ပေါက်ဈေးထက် ဈေးလျော့ပြီး စပါးပေးယူကြရခြင်း နှင့် အချို့လယ်ယာမြေများကို ငွေကျပ် ၁၀၀ လျှင် အတိုးငွေ ၁၀ မှ ၂၅ကျပ် ထိပေးပြီး အပေါင်ထားပြီး ချေးငှားဆောင်ရွက်နေကြရကြောင်း ဦးစိုးဝင်းက တောင်သူလယ်သမားများကိုယ်စား လွှတ်တော်တွင် တင်ပြခဲ့သည် ။
ပုှဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာ အတွင်းရှိ စပါးစိုက်တောင်သူ တဦးက “တောင်သူလယ်သမားတွေ ဘဝကို တကယ်လေ့လာပြီး လွှတ်တော်မှာ ပြောပေးခဲ့တာကျေးဇူးတင်ရမှာပဲ။ မိုးဦးကျ ကာလဆို လယ်သမားတွေ အကုန်လုံးက ချေးကြ၊ ငှားကြ နဲ့ ပြာယာခတ်ကြတာပဲ။ တချို့ဆို ဒီကာလမှာ ကျပ်တည်းသွားတာနဲ့ လယ်ဆုံး၊ နွားဆုံးဖြစ်ကြတာတွေရှိတယ်။ ဒီလို အစိုးရဘက်က အတိုးသက်သက်သာသာ နဲ့ ချေးပေးမယ်ဆိုရင် ကောင်းတာပေါ့။ ” ဟု ဧရာဝတီ သို့ပြောသည် ။
ယခင် အစိုးရလက်ထက်က စိုက်ပျိုးစရိတ်ချေးငွေ များကို လယ်မြေ တဧက အတွက် ၁ သိန်းကျပ် ထုတ်ချေးပေးခဲ့ရာမှ ၂၀၁၆ အစိုးရ လက်ထက် တွင် ၁၅၀၀၀၀ ကျပ်ထိ တိုးတက် ထုတ်ချေး ပေးခဲ့ခြင်း၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA ထံမှ ဂျပန် ယန်းငွေ သန်းပေါင်း ၁၅၁၃၅ သန်း နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိူး ရေး ဖွံံ့ဖြိုး တိုးတက်မှု ရန်ပုံငွေ အဖွဲ့ ထံမှ အမေရိကန် ဒေါ်လာ ၅၆ ဒသမ ၈သန်းကို ချေးယူခြင်းတို့သည် မြန်မာ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အတွက် ဆောင်ရွက်မှုများ ဖြစ်သော်လည်း အဆိုပါ အစီအစဉ်များမှာ တနိုင်ငံလုံး အတွက် မဟုတ်ပဲ တိုင်းနှင့် ပြည်နယ် အချို့ အတွက် ဖြစ်နေကြောင်း၊ မိုးချေးငွေ ၁၅၀၀၀၀ ကျပ်မှာလည်း စိုက်ပျိုး မွေးမြူစရိတ်များ အတွက် လောက်ငှမှု ရှိသောငွေကြေးများ မဟုတ်ကြောင်း မေးခွန်းရှင် ဦးစိုးဝင်းက လွှတ်တော်တွင် သုံးသပ်ပြောဆိုခဲ့သည်။