KNU/KNLA-PC တပ်မှ တပ်သား တဦး ကင်းဖြုတ်၍ ၎င်း၏ သေနတ်လှမ်းယူစဉ် သေနတ်ထိမှန်၍ ဘယ်ဘက် ပါးစောင် အပေါ်နှင့် အောက်တို့တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့၍ ကော့ကရိတ် ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရကြောင်း ၎င်းအဖွဲ့၏ ကော့ကရိတ် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး စောကျော်ဝင်းက ပြောသည်။
“သူက ညဘက် ကင်းစောင့်ရင်းနဲ့ ပုခက်ပေါ်မှာ အိပ်နေတာ၊ သူ့သေနတ်က သူ့ခေါင်းရင်း တိုင်ပေါ်မှာ ချိတ်ထားတယ်၊ ကင်းဖြုတ်လို့ ပုခက်ပေါ်က အထမှာ သေနတ်ကို လှမ်းဆွဲလိုက်တော့ သေနတ်က ပေါက်သွားတာ။ ပေါက်တော့ သူရဲ့ ဘယ်ဘက် ပါးစောင်ရယ်နဲ့ လက်ကောက်ဝတ်ပါ နည်းနည်း ထပ်ထိ သွားတယ်” ဟု ဗိုလ်မှူး စောကျော်ဝင်းက ပြောသည်။
အဆိုပါ တပ်သားသည် KNU/KNLA – PC အဖွဲ့၏ တပ်ရင်း ၇၇၃ ဗျူဟာ ၃ မှ တပ်သားအဆင့်ရှိ အသက် ၂၆ နှစ် အရွယ် ဒုံလောက် ဖြစ်ကာ KNU/KNLA –PC ဌာနချုပ် သေ့ဘော်ဘိုး၌ ကင်းစောင့်နေစဉ် ဇူလိုင် ၆ ရက်နေ့ မနက် ၅ နာရီခန့်တွင် မတော်တဆ ယခု ကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းတပ်သားအား လက်ရှိ၌ ကော့ကရိတ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ကုသမှု ခံယူ ထားစေပြီး ဒဏ်ရာမှာ အသက် အန္တရာယ် စိုးရိမ်စရာ မရှိသော်လည်း သေနတ်ပေါက် ဒဏ်ရာကြောင့် ဘယ်ဘက် ပါးစောင်ရှိ အပေါ်အောက် သွားနှင့် အံဖုံးများ ပြုတ်ထွက် သွားသဖြင့် ထိုဒဏ်ရာမှာ ပုံမှန် ပြန်ဖြစ်ရန် မလွယ်တော့ကြောင်း သိရသည်။
“မေးရိုးတော့ မထိဘူး။ ဘယ်ဘက် အပေါ်သွားဖုံးနဲ့ အောက်သွားဖုံးတော့ အားလုံး ပါသွားတယ်၊ တခြမ်းပေါ့။ မနက်က ကျနော် တက်သွားတော့ သူ့ကို မေးတော့ သူစကားပြောတဲ့ အသံမသဲကွဲတော့ဘူး။ သူ့ဒဏ်ရာ ကတော့ မသေနိုင်ဘူး၊ ပုံမှန်အနေအထား သူ့ပါးစပ်က မရနိုင်တော့ဘူး” ဟု စောကျော်ဝင်းက ဆက်ပြောသည်။
ကရင်ငြိမ်းချမ်းရေး ကောင်စီဟု လူသိများသည့် KNU/KNLA-PC အား ၂၀၀၇ ခုနှစ်တွင် ဇန်နဝါရီတွင် စတင် တည်ထောင် ခဲ့ပြီး အဖွဲ့၏ လက်ရှိ ခေါင်းဆောင်မှာ ဗိုလ်ချုပ် ထိန်မောင် ဖြစ်သည်။ KNU/KNLA-PC ၏ ဌာနချုပ်အား ကော့ကရိတ် မြို့နယ်တွင်းရှိ ထိုးကော့ကိုး ဒေသ၌ အခြေပြု ထားပြီး ၎င်း၏ ဆက်ဆံရေး ရုံးများအား ဘားအံ၊ မြဝတီ၊ ကော့ကရိတ်နှင့် ဘုရားသုံးဆူတို့၌ ဖွင့်လှစ် ထားရှိသည်။
KNU/KNLA-PC သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ၌ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးအား လက်မှတ် ရေးထိုး ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ၌ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အား လက်မှတ် ရေးထိုး ထားပြီး ဖြစ်သည့် အဖွဲ့ တခု ဖြစ်သည်။