ထိုင်းနိုင်ငံ၏ ပြည်ပလုပ်သား ဥပဒေသစ်သည် ရွှေ့ပြောင်းလုပ်သား အများအပြားကို မိခင်နိုင်ငံများသို့ ပြန်ရန် ခြောက်လှန့် နေသော်လည်း ထိုင်းတွင် နေထိုင် အလုပ် လုပ်ကိုင်ရန် တရားဝင် စာရွက်စာတမ်း ကိုင်ဆောင်ထားသော မြန်မာများက ထို ဥပဒေသစ်ကို ကြိုဆိုနေပုံ ရပြီး ထို လိုအပ်သော စာရွက်စာတမ်းများနှင့် အတူ ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်တွင် တင်ကြ သည်။
ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင်ရှိ မယ်ဆိုင်မှ မြန်မာနိုင်ငံဘက်ခြမ်း ရှမ်းပြည်နယ် တာချီလိတ်မြို့မှ လူ အများအပြားတို့သည် ၎င်းတို့၏ ဓာတ်ပုံများကို ဖေ့စ်ဘုတ်တွင် တင်ကြပြီး နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်ကဒ်၊ အလုပ်အကိုင်ဆိုင်ရာ စာရွက် စာတမ်း စသည့် လိုအပ်သည်များကို လည်ဆွဲ သဖွယ် သီကုံးဝတ်ဆင်သည့် ဖက်ရှင်သစ် တခုကို စတင်လိုက်သကဲ့သို့ ဖြစ်နေသည်။ ထိုသို့ စာရွက်စာတမ်းများကို လည်ဆွဲသဖွယ် သီကုံးဝတ်ဆင်ပြီး ဗီဒီယိုဖြင့် က ပြနေဟန် ရိုက်ကူး တင်ထားသူ တဦးလည်း ရှိသည်။
ချင်းရိုင်ကုန်သည်ကြီးများ အသင့် ဒု ဥက္ကဌ ပါကိုင်မက်စ်ဗီရာ က ချင်းရိုင်မှ လူဝင်မှုကြီးကြပ်ရေး ရဲများသည် ယခင်ကပင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင့်သုံးသောကြောင့် မယ်ဆိုင်မှ မြန်မာနိုင်ငံသို့ ပြန်ရသည့် မြန်မာ အလုပ်သမား အနည်းငယ်သာ ရှိသည်ဟု အင်္ဂါနေ့က ပြောသည်။
အနောက်ပိုင်းရှိ တက်ခရိုင်နှင့် မတူဘဲ ချင်းရိုင် နယ်စပ် မြန်မာဘက်ခြမ်းတွင် မြန်မာမြို့ကြီးလည်း မရှိဟု သူက ပြောသည်။
စနေနေ့က မြန်မာ ၄၄ ဦးသာ ချင်းရိုင်ခရိုင် မယ်ဆိုင်ကို ဖြတ်ပြီး မြန်မာသို့ ပြန်ပြီး တနင်္ဂနွေနေ့တွင် ၁၄ ဦးသာ ပြန်သည်။
တရားမဝင် အလုပ်သမား၏ အလုပ်ရှင်ကို အမေရိကန်ဒေါ်လာ ၂၃၅၀၀ အထိ ဒဏ်ရိုုက်မည့် ဥပဒေသစ် စတင် သက်ဝင်သည့် ဇွန်လ ၂၃ ရက်နေ့မှ စတင်ပြီး နိုင်ငံတဝန်းရှိ အမြဲတမ်း နယ်စပ် စစ်ဆေးရေး စခန်းများမှ ရွှေ့ပြောင်း လုပ်သား ၃၀၀၀၀ ပြန်လည် ထွက်ခွာသွားသည် ဟု အလုပ်သမား အာဏာပိုင်များက အစောပိုင်းက ကြေညာထားသည်။
ထိုဥပဒေသည် အလုပ်ရှင်များက ၎င်းတို့၏ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အလုပ်မှ ဖြုတ်စေပြီး အလုပ်သမားများ ကိုယ်တိုင်သည်လည်း ထောင်ဒဏ် ၅ နှစ် အထိရှိသော ပြစ်ဒဏ်ကို ကြောက်ရွံ့ ကြသောကြောင့် ထိုင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကောင်စီက ၎င်းကို နှစ်ကုန် အထိ ဆိုင်းငံ့ခဲ့ရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Myanmar Migrants Turn Work Permits into Fashion Statement သတင်းကို ဘာသာပြန်သည်။)