သတင်းတို

ဘူတန်နယ်စပ် ပဋိပက္ခ တရုတ်နှင့်အိန္ဒိယ ထိပ်တိုက်တွေ့နေ

Want create site? Find Free WordPress Themes and plugins.

ဘူတန်၊ အိန္ဒိယနှင့် တရုတ်အကြား ဖြစ်ပွားနေသည့် အရှိန်မြင့်လာသော နယ်စပ်ပြဿနာကို အဆုံး သတ်ရန်နှင့် အငြင်းပွား နယ်နိမိတ်မှ အိန္ဒိယတပ်များ ရုပ်သိမ်းရန် တရုတ်က တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က တရုတ်တို့က ၎င်းတို့ ပိုင်နက်ဟု ပြောဆိုထားသည့် နယ်စပ်ဒေသကို လမ်းဖောက်လုပ်ရေး ယန္တရားများ ဝင်ရောက်လာခြင်းက အစပြု၍ အငြင်းပွားမှု ဖြစ်ပွားခြင်း ဖြစ်ပြီး၊ ထိုနေရာကို အိန္ဒိယနှင့် ဘူတန်ကလည်း ဘူတန်ပိုင်နက်အဖြစ် အသိအမှတ် ပြုထားသည်။

တရုတ်တပ်များ ဝင်ရောက်လာမှုနှင့် ပတ်သက်၍ သေးငယ်သော ဟိမဝန္တာဘုရင့်နိုင်ငံ ဘူတန်သည် စစ်ရေး၊ စီးပွားရေး အနီးကပ် ဆက်ဆံနေသော အိန္ဒိယသို့ အကူအညီတောင်းသဖြင့် တရုတ်တပ်များ ရှေ့တိုးမလာစေရန် အိန္ဒိယတပ်များ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

၃ပတ်ကြာ အကျပ်အတည်းသည် တရုတ်နှင့် အိန္ဒိယအကြား တတိယနိုင်ငံတခု၏ နယ်နိမိတ် အငြင်း ပွားမှုကြောင့် ပြင်းထန်လာသော ဒေသတွင်း အားပြိုင်မှုကို အထင်အရှား ပြသလိုက်ခြင်း ပင်ဖြစ်သည် ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဟောင်းတဦးက ကောက်ချက်ချသည်။

လေ့လာသူများကမူ အာရှအင်အားကြီး ၂နိုင်ငံအကြား လက်နက်ကိုင်ပဋိပက္ခ မဖြစ်နိုင်ဟု ဆိုသော် လည်း စကားလုံး အသုံးအနှုန်း နှင့် တပ်ဖြန့်ချထားခြင်းတို့က မကြာသေးမီ နှစ်များအတွင်း မကြုံဖူး သော အဆင့်ဟု သုံးသပ်သည်။

သို့သော် တင်းမာမှုကို ရှောင်ရှားနိုင်ရန် နှစ်ဘက် ရှေ့တန်းမှ တပ်ဖွဲ့အနေဖြင့် ယေဘူယျ လက်နက် ကိုင်ဆောင် ခြင်းမရှိပဲ၊ တဖက်နှင့် တဖက် လူချင်း ရင်ဘတ်ချင်းတွန်း၍ နောက်ဆုတ်စေရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထိုအငြင်းပွားသည့် နေရာသည် ဝေးကွာသော်လည်း သေနင်္ဂဗျူဟာ အရအရေးပါပြီး၊ တရုတ်၊ အိန္ဒိယနှင့် ဘူတန် ၃နိုင်ငံ နယ်နိမိတ်ထိစပ်နေသည်။

တရုတ်က သူ၏ ပိုင်နက်မှာ ဂါမိုချန်အထိဟု ဆိုပြီး၊ အိန္ဒိယကမူ တရုတ်ပိုင်နက်မှာ မြောက်ဘက်ပိုကျ သော ဘာတန်ဂါလာတွင် ဆုံးသည်ဟု ပြောသည်။

ဂါမိုချန်မှ ၁၅ ကီလိုမီတာခန် ဝေးသော ဒေါ့ကလန် အနီး နှစ်နိုင်ငံမှ တပ်ဖွဲ့ဝင် ၃၀၀၀ စီခန့် စခန်းချ ထားသည်ဟု သတင်းများက ဆိုသည်။

တရုတ်က ၎င်းတို့တောင်းဆိုချက်ကို ခိုင်မာစေရန် ၁၈၉၀ ခုနှစ်က ဗြိတိသျှ – မဟာရာဂျာ စော်ဘွား တဦး နှင့် ချုပ်ဆိုသော စာချုပ်ကို ကိုးကားသည်။

နှစ်နိုင်ငံစစ်တပ်များအကြား အရှည်ကြာဆုံး ထိပ်တိုက်တွေ့ခဲ့သည်မှာ ၁၉၆၂ ခုနှစ်ကဖြစ်ပြီး တိဗက်နှင့် နယ်စပ်တလျှောက်နှင့်အခြားနေရာများတွင် တိုတောင်းသော စစ်ဖြစ်ခဲ့ပြီး တရုတ်အနိုင်ရခဲ့သည်။

လက်ရှိတွင် တရုတ်သည် အိန္ဒိယ၏ အာရွန်နာချိုင် ပရာဒေ့ရှ် ပြည်နယ် တစိတ်တပိုင်းကို ၎င်းတို့ ပိုင်နက် အဖြစ် တောင်းဆိုနေဆဲ ဖြစ်ပြီး ဧပြီလက တရုတ်ဆန့်ကျင်ရေး ခွဲထွက်ရေးသမားဟု တရုတ်က သတ်မှတ်သူ ဒလိုင်လားမားသည် ထိုပြည်နယ်သို့ သွားရောက်သဖြင့် တရုတ်ကို ဒေါသထွက်စေခဲ့သည်။

လက်ရှိအနေအထားတွင်မူ ဘူတန်ရှိ အိန္ဒိယတပ်များဟာ တိုက်ပွဲဝင်မည့် အနေအထားမရှိဟု ဆိုသော် လည်း နှစ်ဖက်ပြောဆိုမှုက ပိုမို၍ လက်ဝှေ့ပွဲဆန်လာသည်ဟု ဆိုသည်။

အိန္ဒိယစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်ကတော့ အိန္ဒိယသည် စစ်မျက်နှာ ၂ခုခွဲကာ တိုက်ခိုက်ရန် အဆင်သင့်ရှိသည်ဟု ဆိုလိုက်ပြီး၊ စစ်မျက်နှာ ၂ခုဆိုသည်မှာ တရုတ်၊ ပါကစ္စတန်နှင့် ပြည်တွင်းသူပုန်များကို ဆိုလိုခြင်းဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့ထုတ် တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းမ် သတင်းစာ၏ ခေါင်းကြီးတွင် နယူးဒေလီ အနေဖြင့် ခါးသီးသော သင်ခန်းစာကို သင်ကြားပေးရန် တောင်းဆိုပြီး ဒုတိယအကြိမ် ပဋိပက္ခတွင် ၁၉၆၂ ခုနှစ်ကထက် ပိုမို ဆုံးရှုံးရမည်ဟု ရေးသားသည်။

သို့သော် ဂျဝါဟာလာ နေရူးတက္ကသိုလ်မှ တရုတ်ရေးရာ ပါမောက္ခ ရှရီခနပ် ကွန်ဒါပါလီက နှစ်နိုင်ငံလုံး သည် အပြည့်အ၀ စစ်ပွဲပုံစံ တိုက်ခိုက်လိုခြင်းမရှိသဖြင့် ထိပ်တိုက်တွေ့ခြင်းသည် ခဏတာသာ ဖြစ် လိမ့်မည်ဟု ပြောသည်။

“ဒါတွေ ဖြစ်နေပေမယ့် တောင်တရုတ်ပင်လယ်မှာလိုပဲ ဘယ်သူကမှ အခြေအနေကို ကမောက် ကမ ဖြစ်အောင် မလုပ်ချင်ကြဘူး” ဟု သူပြောသည်။

တရုတ်နိုင်ငံသည် ၎င်းပိုင်သော နယ်မြေအနည်းငယ်စီကို စိတ်ရှည်လက်ရှည်ဝါးမြိုရင်း ဆာလာမီ ငါးပါးပါးလှီးသည့်သေနင်္ဂဗျူဟာကို သုံးနေသည်ဟု သူ ဆက်ပြောသည်။

အရှေ့အာရှတွင် တရုတ်ချဲ့ထွင်မှုကိုသာ ကမ္ဘာက အာရုံစိုက်နေသော်လည်း တရုတ်သည် အိန္ဒိယ၏ သြဇာရိပ်အောက်မှ နိုင်ငံများနှင့် ဆက်ဆံကာ တောင်အာရှတွင် ပိုမိုအင်အားပြလာသည်။

“လွန်ခဲ့တဲ့ ၆ နှစ်လုံး တရုတ်က အိန္ဒိယကို ဝိုင်းပတ်ဖို့ ကြိုးစားနေပြီး တောင်အာရှမှာ အိန္ဒိယရဲ့ သေနင်္ဂ ဗျူဟာ အနေအထားကို ဖဲ့ယူနေတယ်” ဟု အော့ဇာဗာ သုတေသနဖောင်ဒေးရှင်းမှ သုတေသီ အရှော့ မာလစ်က ပြောသည်။

တရုတ်တပ်များသည် နယူးဒေလီနှင့် အရှေ့မြောက်ပြည်နယ်များကို ဆက်သွယ်ထားသည် ကြက်လည်ပင်း ဟုခေါ်သော ဒေသနှင့် လွန်စွာနီးကပ်နေသောကြောင့် ဘူတန်နယ်စပ်အနီး တရုတ်ကျူးကျော်မှုကို အိန္ဒိယက အထူးသတိထားသည်။

ထိုနေရာသည် အလွန်ကျဉ်းမြောင်းသော စင်္ကြံန်ဒေသဖြစ်ပြီး အသိမ်းခံရပါက အရှေ့မြောက်ပြည်နယ် များနှင့် အဆက်ပြတ် သွားမည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading