လောင်းကစားဂိမ်းဆိုင်များ အပါအဝင် ခေတ်မီအကြွေစေ့ လောင်းကစားဆိုင်များကို အစိုးရက ဖော်ထုတ် အရေးယူပေးရန် တိုက်တွန်းသည့်အဆိုကို ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် တင်သွင်းသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ( ၁၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက“ စာရင်းမဝင် ထိန်ချန်ထားတဲ့ လောင်းကစားဆိုင်တွေဟာ တနေ့တခြားတိုးပွားလာနေတာကြောင့် ဥပဒေကမည်သို့ပင် ပြဋ္ဌာန်းထားစေကာမူ ထိန်းကျောင်းရမယ့် ပြည်သူ့ဝန်ထမ်းတွေရဲ့ လွဲချော်နေမှုကိုကြပ်မတ်ပြီး လောင်းကစား ဂိမ်းဆိုင်များကို အရေးယူပိတ်သိမ်းနိုင်ရန် အဆိုတင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ငါးမန်းဟုခေါ်သည့် ခေတ်မီလောင်းကစား ဂိမ်းစက်များ၊ ကလေးကစားကွင်း အမည်ခံ လောင်းကစားဂိမ်းစက်များ လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်ကို မြို့နယ်အုပ်ချုပ်သူများနှင့် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ခွင့်ပြုချပေးခြင်း ဖြစ်ကြောင်းလည်း ဦးအောင်သိန်းက ဆက်ပြောသည်။
ထိုလောင်းကစားစက်များသည် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် စက်များဖြစ်ကြောင်းနှင့် အချို့ဆိုင်ကြီးများတွင် အရက်၊ ၊ဘီယာ၊ ဆေးလိပ်၊ မိန်းကလေးများဖြင့် လာရောက်ကစားသူများကို စွဲဆောင်လေ့ရှိကြောင်း ၎င်းက လွှတ်တော်တွင် တင်ပြခဲ့သည်။
ဂိမ်းကစားသူတချို့သည် အိမ်ပေါင်ပြီး ငါးမန်းဂိမ်းကစားသဖြင့် ကျပ်သိန်းရာချီ ဆုံးရှံးခဲ့ကြကြောင်း၊ ကစားသူ အများစုသည် စီးပွားပျက်၊ အကျင့်စာရိတ္တများပါ ပျက်ပြားလာပြီး၊ ထိုဆိုင်များသို့ ကျောင်းသားများကပါ လာရောက် ကစားလေ့ရှိသဖြင့် အရေးယူပေးရန် မဲဆန္ဒရှင်များက တောင်းဆိုနေသည်ဟု ဦးအောင်သိန်းက လွှတ်တော်တွင် တင်ပြခြင်း ဖြစ်သည် ။