မွန်ပြည်နယ် ကျိုက်ထို မြို့နယ်၊ စွပ္ပနူးကျေးရွာ ပြည်သူ့စစ် ခေါင်းဆောင် တင်ထွန်းက ငွေကြေးကိစ္စ စကားများကြရာမှ ခလွန် ရွာသား မောင်ဖိုးဇော်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်း သေဆုံးခဲ့ကြောင်း သိမ်ဇရပ် နယ်မြေခံ ရဲစခန်းမှ ရဲအုပ် တင်အောင်စိုးက ပြောသည်။
“မျက်မြင် သက်သေ တရားလိုရဲ့ တိုင်ကြားချက် အရတော့ ပိုက်ဆံ တောင်းတာကို မပေးလို့ အချင်းများ ကြရာ ကနေ ကိုင်ထားတဲ့ သေနတ်နဲ့ ချိန်လိုက်တာ ကျည်ပေါက် သွားပြီး ပစ်သတ် လိုက်တယ် ဆိုတဲ့ သဘောပေါ့” ဟု ရဲအုပ် တင်အောင်စိုးက အတည်ပြု ပြောဆိုသည်။
သေဆုံးသူ ဖိုးဇော်သည် ထိုင်းနိုင်ငံမှ အခွန်မဲ့ ပစ္စည်းများအား သယ်ဆောင်နေသူဖြစ်ကြောင်း၊ ယင်းသို့ သယ်ဆောင်ရာတွင် ဂိတ်ရှောင်လမ်းအား ဖြတ်သန်းရပြီး စွပ္ပနူး ကျေးရွာအား ဦးစွာ ဖြတ်သန်း ရကြောင်း၊ ယင်းရွာထိပ်၌ ရှိနေသည့် စွပ္ပနူး ကျေးရွာ ပြည်သူ့စစ်အဖွဲ့မှ ဖြတ်သန်းသည့် ဆိုင်ကယ် ၁ စီးလျှင် ကျပ် ၁၅၀၀ တောင်းခံရာ ၅၀၀ ကျပ် သာ ပေးနိုင်သည်ဟု ဆိုပြီး မကျေမလည် ဖြစ်ခဲ့ရာမှ ပြဿနာဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၆ ရက်နေ့ညက ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် ဖိုးဇော်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ စွပ္ပနူးကျေးရွာ ပြည်သူ့စစ် ခေါင်းဆောင် တင်ထွန်းအား သိမ်ဇရပ် နယ်မြေခံ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊ ၃၂၅ တို့ဖြင့် အမှုဖွင့် ထားကြောင်း ရဲမှတ်တမ်း အရ သိရှိရသည်။