နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ဖိုရမ် ကျင်းပ
မြန်မာနိုင်ငံ၊ နိုင်ငံဝန်ထမ်း ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာစီမံချက် ထုတ်ပြန်ပွဲနှင့် ဝန်ထမ်းများနှင့် သက်ဆိုင်သည့်ဖိုရမ်ကို နေပြည်တော်ရှိ MICC – 2 ၌ ယနေ့တွင် စတင်ကျင်းပလျက် ရှိသည်။
၂ ရက်ကြာ ကျင်းပမည့် ယင်းဖိုရမ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ လွှတ်တော် ဥက္ကဌများ၊ ခုံရုံး ဥက္ကဌ၊ ကော်မရှင် ဥက္ကဌ၊ သက်ဆိုင်ရာ ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကေ်ာမရှင်ဥက္ကဌ၊ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့များ တက်ရောက်ကြသည်။
အဆိုပါဖိုရမ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံဝန်ထမ်းများ၏ ယုံကြည်ချက်၊ ခံယူချက်နှင့် စိတ်ဓာတ်မြင့်မား တက်ကြွစေရေး အတွက် ကမ္ဘာ့နိုင်ငံများမှ သတ်မှတ်ကျင့်သုံးနေသည့် နည်းလမ်းများကို လေ့လာဆွေးနွေးခြင်းနှင့် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန်စွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အသိပညာများ မျှဝေပေးမည်ဖြစ်ကြောင်း သိရသည်။