အိန္ဒိယမှာ ရောက်ရှိနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမည့် ဇူလိုင်လ ၁၄ ရက်နေ့မှာ ဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီ၊ ကာကွယ်ရေး ဝန်ကြီး အာရမ် ဂျက်တလေ၊ အမျိုးသား လုံခြုံရေး အကြံပေး အာဂျစ် ဒိုဗယ်လ် တို့နဲ့ တွေ့ဆုံမှာဖြစ် ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၈ရက်ကြာ ခရီးစဉ်ဟာ အိန္ဒိယနဲ့ တရုတ်အကြား ဘူတန် နယ်စပ် ပြဿနာ နဲ့ ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေချိန်ဖြစ်ပါတယ်။
အိန္ဒိယဟာ တရုတ်ရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးလာမှုကို တန်ပြန်ဖို့ Act East လို့ ခေါ်တဲ့ အရှေ့အာရှ နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေးမူ အရ အာဆီယံနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့နဲ့ စစ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက် လာတာကို တွေ့ရပါတယ်။
အိမ်နီးချင်း မြန်မာတပ်မတော်ကိုလည်း ၁၀၅ မမ အမြောက်များ၊ ရော့ကက်လောင်ချာများ၊ မောင်းပြန် ရိုင်ဖယ်များ၊ ရေဒါများ၊ မော်တာများ၊ စစ်သုံးတံတားများ၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေး ကရိယာ များ၊ စစ်ဆင်ရေးသုံး ကွန်ပျူတာ ဆော့ဖ်ဝဲလ်၊ ကင်းလှည့်ရေယာဉ်များ၊ ဆိုနာများနှင့် ရေတပ် ဆိုင်ရာ စစ်သုံးပစ္စည်းများကို ပေးအပ်မှာဖြစ်သလို၊ အမေရိကန်ဒေါ်လာ ၃၇.၉သန်းဖိုးရှိ တိုပီဒိုတွေကို လည်း ရောင်းချပေးမယ်လို့ သိရပါတယ်။
မကြာသေးမီနှစ်များက စတင်ကာ အိန္ဒိယ ရေတပ်သင်္ဘောများ မြန်မာနိုင်ငံသို့ ပုံမှန်သွားရောက် လည် ပတ်ခဲသလို၊ နှစ်နိုင်ငံ ရေပိုင်နက်တလျှောက် ပူးတွဲကင်းလှည်မှုတွေ ပြုလုပ်နေသည်အပြင် ၁၆၄၃ ကီလိုမီတာရှည်လျှားတဲ့ နယ်စပ်တလျှောက်က အိန္ဒိယအစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်များကို ဖိအားပေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင် ရာဝတ် က ကြိုဆိုခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးရဲ့ ဗုဒ္ဓဂါယာခရီးစဉ်ကို စတင်ခဲ့ပြီး၊ ယနေ့မှာတော့ တာတာကား စက်ရုံနှင့် ဂူဂျာရက် စွမ်းအင်ရှာဖွေရေးနှင့် စီမံခန့်ခွဲရေး အင်စတီကျူ့သို့ သွားရောက်မယ်လို့ သိရပါတယ်။