မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် မစ္စ ယန်ဟီးလီနှင့် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး နှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့တို့ ယနေ့ နေ့လယ်ပိုင်းက ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ရုံးခန်းတွင် တွေ့ဆုံခဲ့သည်။
အရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၂ ဖွဲ့ ပါဝင်သည့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့ မှ ကိုယ်စားပြုအဖွဲ့ဝင် ၇ ဦးတက်ရောက်ကာ မစ္စ ယန်ဟီးလီနှင့် တွေ့ဆုံခြင်းဖြစ်ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ မောင်ဆောင်းခက ဧရာဝတီသို့ ပြောသည်။
“သူက တဆင့် အစိုးရကို ပြောချင်တာက အဓိကက ဒီဥပဒေကြမ်းကို အဆောတလျင် မြန်မြန်ကြီး အတည်ပြု မပြဋ္ဌာန်းဖို့။ Public Consultation လို့ခေါ်တဲ့ အများပြည်သူကြားနာနိုင်တဲ့ ဝေဖန် အကြံပြုနိုင်တဲ့ အခြေ အနေတခုကို အချိန်အတိုင်း အတာတခုအထိ ပေးဖို့၊ ဒီဟာကို ပြင်ဆင်တဲ့အခါ မှာ လူ့အခွင့်အရေးကို အခြေခံပြီး ပြင်ဆင်သွားဖို့ပါပဲ” ဟု ၎င်းကဆိုသည်။
ဆက်သွယ်ဥပဒေနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ခြိမ်းခြောက်ခံနေရသည့် အခြေအနေ များ၊ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် သတင်းသမားများ၏ အခြေအနေများ၊ လက်ရှိထွက်ပေါ် လာ သည့် ဆက်သွယ်ရေးဥပဒေကို ပြင် ဆင်သည့်ဥပဒေ (မူကြမ်း)တွင် တောင်းဆိုနေသည့် အချက်များ မပါဝင်ခြင်းတို့ကို ရှင်းလင်းတင်ပြခဲ့ ကြောင်း ၎င်းက ရှင်းပြ သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီးလီ သည် ယမန်နေ့ညနေပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး၊ ယခုခရီးစဉ်အတွင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင် ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။