ထိုင်းဘုရင့်လေတပ်အတွက် တောင်ကိုရီးယား လုပ် T-50 TH လေ့ကျင်ရေး တိုက်လေယာဉ် ၈စင်းထက်မနဲ ဝယ်ယူဖို့ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက မနေ့က အတည်ပြုလိုက်ကြောင်း ကာကွယ်ရေး သတင်းတွေက ဆိုပါတယ်။
အဆိုပါ T- 50 THလေ့ကျင့်ရေး တိုက်လေယာဉ်တွေဟာ တောင်ကိုရီးယား လေယာဉ်ထုတ်လုပ်ရေး (KAI)က အမေရိကန်လော့ခ်ဟိမာတင် ကုမ္ပဏီ အကူအညီနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ၊ ၂၀၁၅ ခုနှစ်ကလည်း ထိုင်းလေတပ်အတွက် ၄စီး ဝယ်ယူထားပြီးဖြစ်ပါတယ်။
ယခုအခါ အမေရိကန် ဒေါ်လာ ၂၅၇သန်း တန်ဖိုးရှိ နောက်ထပ် T-50 TH လေယာဉ်များ ဝယ်ယူရေးနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ မီဒီယာများကို ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။
Bangkok Post သတင်းအဆိုအရတော့ ထိုင်းလေတပ်မှာ ယခင်အသုံးပြုနေတဲ့ ချက်သမ္မတနိုင်ငံလုပ် L-39 Albatros လေ့ကျင့် ရေး တိုက်လေယာဉ်များ နေရာမှာ အစားထိုး သုံးမှာဖြစ်သလို၊ လေယာဉ် အုပ် တအုပ်စာ ၁၆စီး ပြည့်မီအောင် ဝယ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လေ့ကျင့်ရေးလေယာဉ်တွေဟာ ၁၈၅၀ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုုင်ပြီး အမြန်နှုန်းက တော့ တနာရီကို ၁၈၃၈ ကီလိုမီတာရှိတယ်လို့ သိရပါတယ်။
လာမည့် ဇူလိုင်လ ၂၉ရက်နေ့မှာ KAI နဲ့ အပြီးသတ် လက်မှတ်ရေးထိုးမှာ ဖြစ်ပြီး၊ ၃နှစ်အတွင်း ငွေပေးချေသွားမှာပါ။