ဘင်္ဂလားဒေ့ရှ် လေတပ်မှ ရုရှားလုပ် Yak-130 အမောင်းသင် တိုက်လေယာဉ်တစီးဟာ စစ်တကောင်း ပြည်နယ် လိုဟာဂိုရာအရပ်မှာ မနေ့ညနေက ပျက်ကျသွားပါခဲ့ပါတယ်။
Yak-130 လေယာဉ်ဟာ နေ့လည် ၂နာရီမှာ စစ်တကောင်းအခြေစိုက်လေတပ်စခန်းကနေ ပျံသန်း ခဲ့တာဖြစ်ပြီး လေယာဉ်မှူး ၂ဦးကတော့ လေထီးနဲ့ ခုန်ဆင်းကာ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
လေယာဉ်မှူးတွေကိုတော့ ရဟတ်ယာဉ်တစီး စေလွှတ်ကာ ကယ်တင်နိုင်ခဲ့ပါတယ်။
အဆိုပါ လတ်တလောမှာ ဘာကြောင့်ပျက်ကျရတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်။
ရုရှားလုပ် ယာကိုလက်ဗ် Yak- 130 အမျိုးအစား ၂ယောက်စီး အမောင်းသင်လေယာဉ်ဖြစ်ပြီး၊ အပေါ့စားတိုက်ခိုက်ရေးတွေမှာလည်း အသုံးပြုနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ် လေတပ်ဟာ ရုရှားလုပ် Yak- 130 အမောင်းသင်လေယာဉ်တွေကို ၂၀၁၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး၊ လေယာဉ်တအုပ်စာ ၁၆စီးခန့် ဝယ်ယူထားပါတယ်။
မြန်မာ့လေတပ်မတော်ဟာ ရုရှားလုပ် ယာကိုလက်ဗ် Yak – 130 အမောင်းသင်လေယာဉ်များ ဝယ်ယူထားသော်လည်း အစီးအရေမည်မျှ ဝယ်ယူထားတယ်ဆိုတာ အတိအကျမသိရပါဘူး။