မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ဦးသိန်းဇော်(ခ) လဝီဝမ် နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)မှ သတင်းထောက် ဦးအေးနိုင်၊ ကိုပြည့်ဘုန်းနိုင်တို့၏ အမှုကို သီပေါမြို့နယ် တရားရုံးတွင် ဆက်လက်ကြားနာ စစ်ဆေးရန် ကျောက်မဲခရိုင်တရားရုံးက မနေ့က ဆုံဖြတ်လိုက်ကြောင်း သတင်းရသည်။
အမှုအား နမ့်ဆန်မြို့နယ်တွင် ပြောင်းလဲဖွင့်လှစ်ထားသည့်အတွက် သီပေါမြို့နယ်တရားရုံးသို့ ပြန် လည် ချထား စစ်ဆေးပေးရန် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(ခ) လဝီဝမ် ၏ ရှေ့နေဖြစ်သူ ဒေါ်ခင်မိမိက လျှောက်ထားခဲ့ခြင်းဖြစ်သည်။
တရားစွဲခံထားရသည့် သတင်းသမား ၃ ဦးအပါအဝင် အမျိုးသား ၆ ဦးကို သီပေါ အကျဉ်းထောင်တွင် ထိန်းသိမ်းထားရာ နမ့်ဆန်မြို့နယ်တရားရုံးတွင် ရုံးထုတ်ရန်မှာ ခရီးကွာဝေးခြင်းနှင့် လုံခြုံရေးအရ စိုးရိမ်ရခြင်းတို့ကြောင့် သီပေါတရားရုံးတွင်သာ ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေ ဒေါ်ခင်မိမိကပြောသည်။
သတင်းသမားများမှာ ဇွန်လ ၂၆ ရက်နေ့က ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နယ်မြေတွင်ပြုလုပ်သည့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲသို့ သတင်းသွား ရောက်ရယူပြီး အပြန်တွင် တပ်မတော်၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဇွန်လ ၂၈ ရက်နေ့တွင် သီပေါရဲစခန်း၌ ပုဒ်မ ၁၇(၁)ဖြင့် ကနဦး အမှုဖွင့်ခဲ့သော်လည်း ရက်ပိုင်းအတွင်းမှာပင် နမ့်ဆန်မြို့နယ်ရဲစခန်းသို့ အမှုပြောင်းလဲဖွင့်ခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ ပထမအကြိမ်ရုံးချိန်းကို ရမန်ကြီးတပတ်မပြည်မီ ဇူလိုင် ၇ ရက်နေ့ရုံးထုတ်ခဲ့ပြီး နောက် တကြိမ်ရုံးချိန်းကို ဇူလိုင် ၂၁ ရက်သို့ထပ်မံချိန်းဆိုထားကြောင်း သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းက ပြောထားသည်။