တရုတ်နိုင်ငံတောင်ပိုင်းမှ လာအိုကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ၏ အရှေ့ဘက် ပင်လယ် စက်မှုဆိပ်ကမ်းသို့ ဆက်သွယ် တည်ဆောက်မည့် ဒေါ်လာ ၅ ဒသမ ၅ သန်းတန် စီမံကိန်း၏ ပထမဆင့် တည်ဆောက်ရေး လုပ်ငန်းများ စတင်ရန် ထိုင်း အစိုးရက အတည်ပြုလိုက်သည်။
ထိုင်းစစ်အစိုးရခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာသည် ချေးငွေဆိုင်ရာ စည်းကမ်းချက်များ အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် နှောင့်နှေးနေသော ထိုစီမံကိန်းကို လမ်းဖွင့်ပေးရန် ပြီးခဲ့သည့် လက အမိန့် ထုတ်ပြန်ခဲ့သည်။
ပထမဆင့်တွင် မြို့တော် ဘန်ကောက်မှ အရှေ့မြောက်ပိုင်းရှိ နခွန်ရက်ချစီမာ ခရိုင်ကို ဆက်သွယ်မည့် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) ရှည်သော မြန်နှုန်းမြင့် ရထားလမ်းနှင့် ဘူတာရုံ ၆ ရုံပါဝင်သည်။
“ဒီစီမံကိန်းက ဒေသတွင်း သယ်ယူပို့ဆောင်ရေး ကွန်ရက်ဖွံ့ဖြိုးရေး အစီအစဉ်..၊ အထူးသဖြင့်တော့ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတခု လမ်းတခု အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတခု လမ်းတခု အစီအစဉ်ဟာ အာရှ၊ ဥရောပနဲ့ အရှေ့တောင်အာရှဒေသကို ချိတ်ဆက်ပေးမယ့် အစီအစဉ်ပါ” ဟု ထိုင်းဝန်ကြီးချုပ်ရုံး ဒုဝန်ကြီး ကော့ဘ်ဆက် ပိုထရာကိုးလ် က ပြောသည်။
ထို ရထားလမ်းပိုင်းသည် ထိုင်းနိုင်ငံ၏ စက်မှုဇုန်များနှင့် အရှေ့ဘက်ကမ်းခြေ ရေနက်ဆိပ်ကမ်းများကို တရုတ်နိုင်ငံ မြို့ကြီးများနှင့် ဆက်သွယ်မည့် အခြေခံအဆောက်အအုံ စီမံကိန်း၏ အစိတ်အပိုင်းလည်း ဖြစ်သည်။
ထို စီမံကိန်းသည် ၂၀၁၄ ခုနှစ် ထိုင်း စစ်တပ်အာဏာသိမ်း အပြီး ပိုမိုနက်ရှိုင်းလာသော ထိုင်း-တရုတ် ဆက်ဆံရေးတွင် အလွန် အရေးပါသည် ဟု လေ့လာသူ တချို့က မြင်ကြသည်။
တည်ဆောက်ရေး လုပ်ငန်းများကို ထိုင်းနိုင်ငံက ဆောင်ရွက်မည် ဖြစ်ပြီး တရုတ်နိုင်ငံက ရထားလမ်းနည်းပညာ၊ ဆက်သွယ်ရေး စနစ်များနှင့် နည်းပညာလေ့ကျင့်ပေးရေး တို့ကို တာဝန်ယူရမည် ဖြစ်ကြောင်း ထိုင်း အစိုးရက ပြောသည်။
“ဒီ စီမံကိန်းမှာ ထိုင်းနိုင်ငံက ပစ္စည်းတွေကို သုံးမယ်။ ဒါပေမယ့် ဆောက်လုပ်ရာမှာ တရုတ်နည်းပညာကို သုံးမယ်။ အနာဂတ်မှာ ကိုယ့်ဘာသာတည်ဆောက်နိုင်အောင် ဒါကို ကျနော်တို့ လူတွေက သွားလေ့လာမယ်” ဟု ပရာယွဒ်က ပြောသည်။
ကိုးကား။ ။ Reuters