မန္တလေးတိုင်းဒေသကြီး၊ သာစည်ခရိုင် ကျွဲတပ်ဆုံဂိတ်အနီး သေနတ်များနှင့် ကျည်အိမ်များ ဖမ်းဆီးရမိပြီးနောက် မန္တလေးမြို့အဝင်အထွက်ဂိတ်များကို လုံခြုံရေး ပိုမို တင်းကျပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးကျော်ကျော်မင်းက ပြောသည်။
ဗိုလ်မှူးကြီး ကျော်ကျော်မင်းက “မြို့အဝင်အထွက်ဂိတ်တွေမှာ နဂိုထက်ပိုတိုးပြီး စစ်ဆေးမယ်၊ လုံခြုံရေးဆောင်ရွက်မယ့် မီးသတ်တို့၊ ပူးပေါင်း အဖွဲ့ စတဲ့အင်အားကိုလည်း တိုးမြှင့်မယ်၊ သာစည် အမှုနောက်ဆက်တွဲကတော့ စစ်ဆေးနေဆဲ အနေအထားမို့ အခုလောလောဆယ် ပြောလို့မရသေးပါဘူး။” ပြောသည်။
မန္တလေးတွင် မြို့အဝင်အထွက်ဂိတ် ၅ ခုရှိရာ ထုံးဘို၊ ရွှေကျင်၊ ရွှေကြက်ယက်၊ အောင်ပင်လယ်နှင့် ၁၆ မိုင်ဂိတ်တို့တွင် လက်ရှိလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် အင်အားများပါ ထပ်မံ တိုးမြှင့် ဆောင်ရွက်သွားမည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်က သာစည်ခရိုင် မိတ္ထီလာကားလမ်းမပေါ်ရှိ ကျွဲတပ်ဆုံဂိတ်အနီးတွင် လွိုင်ကော်မှ မန္တလေးသို့ သွားသည့် ကားကို စစ်ဆေးခဲ့ရာ သေနတ် ၂၂ လက် တွေ့ရှိဖမ်းဆီးရမိခဲ့ရာ ယာဉ်ပေါ်တွင် ပါလာသူ လင်မယားကို လက်နက်အက်ဥပဒေပုဒ်မ ၁၉/၁ (က) အရ အမှုဖွင့်ကာ သာစည်မြို့နယ်ရဲစခန်းတွင် စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်- သာစည်မြို့နယ်တွင် သေနတ် ၂၂ လက်ဖမ်းမိ၊ ကွင်းဆက်တရားခံကို ရှာဖွေနေ