ညူကလီးယားဗုံး စမ်းသပ်ထုတ်လုပ်ခြင်းကြောင့် အမေရိကန်နှင့် ကုလသမဂ္ဂတို့မှ ပိတ်ဆို့ အရေးယူခံနေရသော မြောက်ကိုးရီးယားနှင့် စစ်ရေးအရ မြန်မာ့တပ်မတော်သည် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းတပုဒ်က ရေးသားထားသည်။
Asia Times အွန်လိုင်းသတင်းဌာနတွင် မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလင့်တနာ ရေးသားသော Could US reset sanctions on Myanmar over North Korea? သတင်းဆောင်းပါး၌ ပြင်ဦးလွင်နှင့် မန္တလေးရှိ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကျောင်းများတွင် စစ်သင်္ဘောများအတွက် ကွန်ပြူတာထိန်း ပစ်ခတ်မှုစနစ်များကို မြောက်ကိုရီးယားဆရာများက သင်ကြားပို့ချနေကြောင်းနှင့် မကွေးတိုင်းဒေသကြီး မင်းလှအနီးရှိ ထိပ်တန်းလျှို့ဝှက်ထားသည့် စက်ရုံတရုံတွင် တည်ဆောက်လျှက်ရှိသည့် ဒုံးကျည်စနစ်ကို ပြုံယမ်းက ထောက်ပံ့နေကြောင်း ရေးသားဖော်ပြခဲ့သည်။
မြောက်ကိုးရီးယားသည် မြန်မာ့တပ်မတော်သို့ ၁၃၀ မမ M-46 အမြောက်ကြီးများ၊ ၂၄၀ မမ ယာဉ်တင် အတွဲလိုက်ပစ် ဒုံးလောင်ချာများအား ရောင်းချပေးခဲ့ပြီး နေပြည်တော်နှင့် အနီးတဝိုက်တွင် မြေအောက်လှိုဏ်ခေါင်းများ ဖောက်ပေးခဲ့ကြောင်း ယခင်စစ်အစိုးရလက်ထက်တွင် သတင်းများထွက်ခဲ့သည်။
မကြာသေးမီက နေပြည်တော်သို့ လာရောက်ခဲ့သော အမေရိကန်အစိုးရ၏ မြောက်ကိုးရီးယားဆိုင်ရာ အထူးသံတမန် ဂျိုးဇက်ဖ်ယွန်းကိုမူ မြန်မာအစိုးရက ပြုံယမ်းနှင့် လက်ရှိ ဆက်ဆံရေးမှာ “သာမန်”သာ ဖြစ်ပြီး စစ်ဘက်ဆက်ဆံရေး လုံးဝ မဟုတ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။