မွန်ပြည်နယ် အတွင်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့မှ စ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေနှင့် ရေထ ရက် ဆုံသည့် အချိန်ဖြစ်၍ အနိမ့်ပိုင်း ဒေသများ ဖြစ်သည့် ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်ကော်၊ ပေါင်မြို့နယ် တို့တွင် ရေလွှမ်းမိုး မှုများ ဖြစ်ပေါ် ခဲ့ပြီး ဒေသခံ ၅၀၀၀ နီးပါး ရေဘေးသင့်ခဲ့ကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောသည်။
ဇူလိုင်လ ၂၄ ရက်နေ့အထိ ကောက်ခံရရှိ ထားသော စာရင်းများအရ သထုံမြို့နယ်တွင် ရေဘေးသင့် ပြည်သူ ၃၂၉ ဦး ၊ ဘီးလင်းမြို့နယ်တွင် ၆၁၉ ဦးနှင့် ကျိုက်ထိုမြို့နယ်တွင် ၃၉၁၆ ဦး ရှိကြောင်း၊ မော်လမြိုင်- ရန်ကုန် ကားလမ်းမကြီးပေါ်ရှိ မရမ်းချောင်နှင့် ကျိုက်ထိုမြို့ အဝင် လက်ပြ ကျေးရွာတို့သည် အဆိုးရွာဆုံး ဖြစ်ပြီး ကားလမ်းမပေါ် ရေကျော်သည့် နေရာများ ဖြစ်၍ ကားလမ်းမ အထက် လက်မ ၂၀ ခန့် ရေတက်၍ ယာဉ်ငယ်များ ဖြတ်သန်း သွားလာရန် အခက်အခဲ ဖြစ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရေဘေးသင့် ပြည်သူများအား လူတဦးလျှင် ဆန်ရိက္ခာ ၇ ရက်စာနှင့် အိမ်ထောင်တစုလျှင် ကြက်ဥ ၁၀ လုံးနှင့် ငါးသေတ္တာ ၃ ဘူးတို့အား ဝေမျှပေးထားကြောင်း သိရသည်။
ကျိုက်ထို မြို့နယ်တွင် လက်ရှိ၌ ကယ်ဆယ်ရေး စခန်း ၆ ခု ဖွင့်လှစ် ထားပြီး အိမ်ထောင်စုပေါင်း ၆၄၂ စုနှင့် လူဦးရေ ၂၉၀၀ ကျော် ရွှေ့ပြောင်း ထားရပြီး ဇူလိုင်လ ၂၀ ရက်နေ့တွင် မိုးကြီး၍ မြေပြိုမှုများ ဖြစ်ပေါ်၍ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်၌ အိမ်အလုံး ၂၀၊ ကာလ တန်ဖိုး ကျပ်သိန်း ၅၀၀ ကျော် ဆုံးရှူံးမှု ဖြစ်ပေါ်ခဲ့သော်လည်း လူအသေအပျောက် မရှိခဲ့ကြောင်း သိမ်ဇရပ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဦးက ပြောသည်။
သို့သော်လည်း ၎င်းရက်၌ မွန်ပြည်နယ်နှင့် တနင်္သာရီ အစပ် မလွှဲတောင်၌ မြေပြိုမှု ဖြစ်ပွား၍ လမ်းလုပ်သား ၁ ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။ ဒေသခံများကလည်း လက်ရှိရေကြီးမှုသည် နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ဖြစ်သည်ဟု ပြောဆိုကြသည်။