တရုတ်နိုင်ငံသည် မြောက်ကိုရီးယား အကျပ်အတည်းအတွက် နှစ်နိုင်ငံနယ်စပ်တွင် နယ်ခြားစောင့် တပ်မဟာအသစ်တခု ထပ်မံချထားခြင်းနှင့် အရပ်သားများအတွက် မြေအောက် ကတုတ်ကျင်းများ တည်ဆောက်ခြင်းအပါအဝင် ကာကွယ်ရေး တိုးမြှင့်ထားခြင်းဖြင့် ကြိုတင်ပြင်ဆင်နေသည်ဟု Wall Street Journal က ဖော်ပြခဲ့သည်။
၂၀၀၆ ခုနှစ်တွင် မြောက်ကိုရီးယားက ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှု စတင်ပြုလုပ်ချိန်မှစပြီး တရုတ်နိုင်ငံသည် နှစ်နိုင်ငံနယ်စပ်တွင် ခြံစည်းရိုးများ တည်ဆောက်ခြင်းနှင့် လှည့်ကင်းများ တိုးချဲ့ခြင်းတို့ဖြင့် ခံစစ်ကြောင်းများကို ပိုမိုအင် အား တောင့်တင်းအောင် လုပ်ဆောင်ခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံ၏အရှေ့မြောက်ပိုင်းရှိ တပ်ဖွဲ့များကိုလည်း နေရာရွှေ့ပြောင်းချထားသည်ဟုလည်း တရုတ်အစိုးရ၊ စစ်ဘက်အင်တာနက်စာမျက်နှာများနှင့် တရုတ်နှင့်ပြည်ပမှ ကျွမ်းကျင်သူများကို ကိုးကားပြီး အထက်ပါသတင်းက ဖော်ပြ သည်။
မြောက်ကိုရီးယား အကျပ်အတည်းအတွက် စစ်ရေနည်းဖြင့် အဖြေမရနိုင်ကြောင်း တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့သည်။ တရုတ်နိုင်ငံသည် ကျယ်ပြန့်သော စစ်ဘက်ပြန်လည်ဖွဲ့စည်းရေးနှင့် ခေတ်မီရေးကိုလည်း လုပ်ဆောင်နေသည်။
ကိုရီးယားကျွန်းဆွယ်တွင် တိုက်ခိုက်မှုများဖြစ်ပွားပါက မည်သို့လုပ်ဆောင်မည်နည်း ဟူသော စိတ်ကူးယဉ်မေးခွန်းများကို ဖြေဆိုနိုင်မည် မဟုတ်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဝူကျင်းက သတင်းထောက်များကို တနင်္လာ နေ့က ပြောခဲ့သည်။
စစ် သို့မဟုတ် မငြိမ်သက်မှုများသည် မလုံခြုံသော နယ်စပ်များမှတဆင့် နိုင်ငံတွင်းသို့ ရောက်လာမည်ကို တရုတ်နိုင်ငံက အမြဲ စိုးရိမ်မကင်းဖြစ်နေပြီး မြန်မာနှင့် ဗဟိုအာရှနိုင်ငံများကဲ့သို့သော ပဋိပက္ခဒေသများရှိ နယ်စပ်များတွင် ကာကွယ်ရေး တိုးမြှင့်လေ့ရှိသည်။