ရထားလမ်းပေါ် ရေကျော်နေသဖြင့် ပုသိမ် – ကြံခင်းပြေးဆွဲနေသည့် ရထားခရီးစဉ် အားလုံးကို ဇူလိုင် ၂၅ ရက်နေ့မှ စ၍ ယာယီ ရပ်ဆိုင်းထားပြီး ကြံခင်းမြို့မှ ရေကြည်မြို့နယ် အသုတ်မြို့ ဘူတာအထိသာ ပြေးဆွဲနေကြောင်း သတင်းရရှိသည်။
ပုသိမ် – ကြံခင်းရထားလမ်းရှိ ဒါးကဘူတာနှင့် ဂုံမင်းဘူတာကြားတွင် ရထားလမ်းပေါ်သို့ ရေ ၁၀ လက်မခန့် ကျော်လွန်နေပြီး ဒါးကနှင့် ဘဲကရက် ဘူတာကြားလမ်းပိုင်းတွင် ၃ လက်မခန့် ကျော်လွန်နေသည့်အတွက် ယခုလို ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ပုသိမ်မြို့ဘူတာကြီးမှ တာဝန်ရှိသူတဦးက ပြောသည်။
“ပုသိမ်ကနေ ကြံခင်းကို အမြန်ရထား စာပို့ရထားနဲ့ လော်ကယ်ရထားဆိုပြီး တနေ့ ၃ စင်း ပြေးဆွဲတယ်။ အခုက ရထားလမ်း ရေကျော်နေလို့ ရပ်ထားတာပါ။ ကြံခင်း ဟင်္သာတဘက်က လာတဲ့ရထားတွေတော့ အသုတ် ဘူတာကနေ ကြံခင်းဘက်ကို ပြန်လှည့်ပြီး ပြေးဆွဲနေတယ်။ ရေကျတာနဲ့ ပုသိမ်ခရီးစဉ် ပြန်လည်ပြေးဆွဲမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဇူလိုင်လ ၁၈ ရက်နေ့က စတင်၍ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေသဖြင့် ဟင်္သာတ၊ မြန်အောင် ဓနုဖြူ မြို့နယ်တို့မှ ဒေသခံ ၄ ထောင်ကျော်မှာ နေအိမ်များကို စွန့်ခွာ၍ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည်။