မန္တလေးဆေးရုံကြီးတွင် ရာသီပေါ်တုပ်ကွေး(H1N1)လူနာ ယနေ့အထိ မရှိသေးကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်တင်တင်မိုးက ဇူလိုင် ၂၇ ရက် နံနက်က ဧရာဝတီသို့ ပြောသည်။
“မရှိပါဘူး။ H1N1 လူနာ ငါတို့ဆေးရုံကြီးမှာ ရောက်နေတာဆိုတာ မဟုတ်ပါဘူး။ ဖေ့စ်ဘုတ်တွေမှာ လျှောက်ပြောနေကြလို့ပါ ” ဟု ၎င်းက ပြောသည်။
ဇူလိုင် ၂၆ ရက် ညနေပိုင်းက မန္တလေးဆေးရုံကြီး ကိုးထပ်ဆောင်တွင် H1N1 သံသယရှိလူနာတစ်ဦး ရောက်ရှိလာပြီး ဆေးကုသမှုခံနေဆိုသည့်အကြောင်း ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် တင်ထားသည့် ပို့စ်အချို့ရှိခဲ့ရာ ယင်းနှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီးက ကောလာဟလသာဖြစ်ကြောင်း အတည်ပြုဖြေကြား ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဇူလိုင် ၂၆ ရက်အထိ ရာသီပေါ်တုပ်ကွေးရောဂါ (A/H1N1 2009)ကြောင့် သေဆုံးသူ ၄ ဦးရှိပြီး ရန်ကုန်တိုင်းမှ ၃ဦးနှင့် ချင်းပြည်နယ်မှ ၁ ဦးတို့ဖြစ်သည်။