အိန္ဒိယ နိုင်ငံတွင် ယခုနှစ်အတွင်း ရာသီပေါ် တုပ်ကွေးရောဂါ ကြောင့် သေဆုံးသူ ၆၀၀ ခန့်အထိရှိပြီ ဖြစ်ပြီး ယခင်နှစ်ကထက် ၂ ဆ ရှိသည် ဟု အစိုးရက ထုတ်ပြန်ပြောဆိုကြောင်း အိန္ဒိယမှ လာသော သတင်းများအရ သိရသည်။
သေဆုံးသူများ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ မဟာသျှတ္တရ ပြည်နယ်မှ ဖြစ်ပြီး ဇူလိုင်လ ၉ ရက်နေ့အထိ ရောဂါဖြစ်ပွားမှု ၂၃၂၄ ခုတွင် လူ ၂၈၄ ဦး သေဆုံးရသည်ဟု ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးက ပြောဆိုသည်။
ဂူဂျာရတ် ပြည်နယ်တွင် ၂၈၉ ဦး ရောဂါကူးစက်ခံရပြီး ၇၄ ဦး သေဆုံးသည်။ ကာရာလာ ပြည်နယ်တွင် ၁၁၂၇ ဦး ရောဂါကူးစက်ခံရပြီး ၆၃ ဦး H1N1 ကြောင့် သေဆုံးသည်။ ရာဂျစ်စတန်တွင် ရောဂါဖြစ်ပွားမှု ၄၀၇ မှု ရှိပြီး ၅၉ ဦး သေဆုံးသည်။ ကာရန်နာတာကာတွင် ၂၃၇၇ ဦး ရောဂါကူးစက်ပြီး ၁၅ ဦး သေဆုံးသည်။ တယ်လန်ဂါနာ ပြည်နယ်တွင် ၁၄၄၃ ဦး ရောဂါဖြစ်ပွားပြီး ၁၇ ဦး သေဆုံးခဲ့ပြီး၊ တမီနာဒူး ပြည်နယ်တွင် ၂၈၉၆ ရောဂါဖြစ်ပွားပြီး ၁၅ ဦး သေဆုံးသည်။
ယခုနှစ် လက်ရှိ အိန္ဒယ တနိုင်ငံလုံးတွင် ရာသီပေါ် တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၁၂၄၆၀ ဦး ရှိပြီး ယခင်နှစ်က ၁၇၈၆ ဦးသာ ရှိသည်။ ဗဟိုအစိုးရသည် ရာသီအလိုက် တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို အနီးကပ် စောင့်ကြည့်နေပြီး စဉ်ဆက်မပြတ် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည် ဟု ကျန်းမာရေးဝန်ကြီးက ပြောသည်။
ယခင်နှစ်က ရာသီပေါ် တုပ်ကွေးရောဂါ ကြောင့် ၂၆၅ ဦးသာ သေဆုံးသော်လည်း ၂၀၁၅ ခုနှစ်က ရောဂါဖြစ်ပွားမှု ၄၂၅၉၂ မှုတွင် ၂၉၉၀ ဦးသေဆုံးသည် ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။