တရားရုံးတွင် အမှုသက်သေခံရန်လာသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို အောင်မင်္ဂလာ အဝေးပြေး ကားဝင်းအနီးအရောက် ခြိမ်းခြောက် ခေါ်ဆောင်ကာ သားမယားပြုကျင့်ခဲ့သူ ရဲထွဋ်(ခ) အောင်ဆန်းလင်း(ခ) ကုလားလေးအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ယမန်နေ့ည ဇူလိုင်လ ၂၇ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပြစ်မှုကျူးလွန်သူ ရဲထွဋ်(ခ) အောင်ဆန်းလင်း(ခ) ကုလားလေး ကို
မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်၊ အင်ကြင်းလမ်းသွယ်ရှိ ၎င်းနေထိုင်သော မြသုခအဆောင်တွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
အသက် ၁၄ နှစ်ရှိ မိန်းကလေးသည် မရမ်းကုန်းမြို့နယ်နေ ဒေါ်ခင်နန်းတင့်နေအိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေစဉ် သွားများ ကျိုးအောင် ရိုက်နှက်စေခြင်း၊ သော့ခတ်ပိတ်လှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်သည့်အတွက် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၄၂/၁၁၄ဖြင့် အမှုဖွင့်ပြီး
တရားရုံးသို့ တရားစွဲဆိုထားရာ ရင်ဆိုင်နေဆဲဖြစ်သည်။
အဆိုပါ အမှုကိုသက်သေခံရန် ဇူလိုင်လ ၄ ရက်နေ့က မြစ်သားမြို့နယ်မှ တဆင့် အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ရောက်ရှိပြီး ခေတ္တနားနေစဉ် ၎င်းတဦးတည်း ဇေကမ္ဘာဘုရားဝင်း အတွင်းသို့ သွားရောက်ခဲ့ရာ ရဲထွဋ်(ခ)ကုလားလေးနှင့် အမည်မသိ အသက် ၂၀ နှစ်အရွယ်ခန့် လူငယ် ၂ ဦးတို့က ခြိမ်းခြောက်ခေါ်ဆောင်ကာ ရဲထွဋ်ငှားရမ်းနေထိုင်သော မင်္ဂလာဒုံမြို့နယ်ရှိ အဆောင် တခုသို့ ခေါ်ဆောင်ခဲ့ ကြောင်း၊ သားမယားအဖြစ် ရက် ၂၀ ခန့်ပြုကျင့်ခဲ့သည်ဟုဆိုကာ ဇူလိုင် ၂၆ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာသည့် ကာယကံရှင်က မင်္ဂလာဒုံမြို့မရဲစခန်းတွင် ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၆၃၊ ၁၁၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
အမှုတွင် ပါဝင်နေသည့် ကျုးလွန်သူများကိုလည်း ထပ်မံစစ်ဆေးကာ ဖမ်းဆီးအရေးယူမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။