တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာတပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ယိုအိ ဆာဆာကဝါ ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ယနေ့နံနက် ၉နာရီ မိနစ် ၅၀မှာ ထွက်ခွာသွားခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် တပ်မတော်အရာရှိများ အဖွဲ့ဝင် အဖြစ် လိုက်ပါသွားပြီး၊ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံအစိုးရ၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ များ၏ပူးတွဲ စစ်ဦးချုပ်နှင့် (ကြည်း၊ရေ၊လေ) စစ်ဦးချုပ်များအား တွေ့ဆုံ၍ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီး မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် ဂျပန်နိုင်ငံရှိ ယဉ်ကျေးမှုနှင့် စက်မှုလုပ်ငန်း များအား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်ကလည်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှီဂျီရူး အီဝါဆာကီရဲ့ ဖိတ်ကြားချက် အရ ပထမအကြိမ် သွားရောက်ခဲ့ပါသေးတယ်။
အလားတူ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှီဂျီရူး အီဝါဆာကီဟာ ၂၀၁၄ ခုနှစ် မေလ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ကာကွယ်ရေး ဦးစီးချုပ် မြန်မာနိုင်ငံကို ပထမဆုံးလာလည်ခဲ့တာဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ပွင့်လင်းစ မြန်မာပြည်နှင့် ဂျပန်-မြန်မာ ဆက်ဆံရေး