သတင်းတို

လှိုင်မြို့နယ်မှ ရေသန့်စက်ရုံ ၄ ရုံကို GMP စနစ်နှင့် မညီဟုဆိုကာ FDA ယာယီပိတ်သိမ်း

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ သောက်ရေသန့်စက်ရုံများအား ရှောင်တခင် ဝင်ရောက် စစ်ဆေးပြီးနောက် ရေသန့် စက်ရုံ ၄ ရုံအား ယာယီရပ်ဆိုင်းကာ ထောက်ခံချက် မလျှောက်ထားသည့် သောက်ရေသန့်လုပ်ငန်း ၁ ခု အား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း ရန်ကုန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ မှ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁ ရက်နေ့က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးအဖွဲ့က အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီမှအဖွဲ့ဝင်များ နှင့် အတူလှိုင်မြို့နယ်ရှိ ထောက်ခံချက်ရရှိပြီးသော သောက်ရေ သန့် စက်ရုံ ၄ ရုံအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ရာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့် GMP မကိုက်ညီခြင်း၊ မလိုက်နာခြင်းများ တွေ့ရသဖြင့် ၂ ပတ်မှ ၁ လအထိ ယာယီရပ်ဆိုင်းရန်၊ ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ စက်ရုံအား ပြုပြင်ရန် သတိပေး အရေးယူထားခြင်း ဖြစ်သည်။

ထို့အပြင် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်းတခုအား ထပ်မံ၍ ရှောင်တခင်စစ်ဆေးခဲ့ပြီး စက်ရုံမှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် GMP နှင့် ကိုက်ညီမှုမရှိသောကြောင့် စက်ရုံပိုင်ရှင်အား ခံဝန်ထိုးခြင်းနှင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ကြောင်း၊ ပိတ်သိမ်းအရေးယူခဲ့သော သောက်ရေသန့်မှာ Royal lit အမှတ်တံဆိပ်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

FDA မှ ခရိုင် ၄ ခရိုင်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခြင်းများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ သတ်မှတ် စည်ကမ်းချက်များ နှင့် GMP ကို မလိုက်နာသော ထောက်ခံချက်ရရှိထားသည့် သောက်ရေသန့်လုပ်ငန်းများကိုလည်း ဆက်လက် ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

Loading