သတင်းတို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပူးပေါင်းရေး အပစ်ရပ် ၈ ဖွဲ့နှင့် UNFC ညှိနှိုင်းနေ

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် ၈ ဖွဲ့နှင့် NCA လက်မှတ် မရေးထိုးရသေးသော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ တွေ့ဆုံညှိနှိုင်းနေကြသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးနေကြခြင်းဖြစ်ပြီး အပစ်ရပ် ၈ ဖွဲ့က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ မှ ကိုယ်စားလှယ်များ တက်ရောက်နေကြသည်။

PPWT အဖွဲ့ကို ပဒိုစောကွယ်ထူးဝင်း ဦးဆောင် တက်ရောက်ပြီး DPN အဖွဲ့ကိုတော့ ခူဦးရယ်က ဦးဆောင်၍ ဆွေးနွေးညှိနှိုင်း နေကြခြင်း ဖြစ်သည်။

ထိုအစည်းအဝေးတွင် အစိုးရနှင့် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ကိုပြန်လည်သုံးသပ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ နိုင်ရေးနှင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များ အတူပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

PPWT နှင့် DPN တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ် ၂ ရက်နေ့က ဆွေးနွေးနေပုံ
ဧရာဝတီ

PPWT နှင့် DPN တို့အကြား ယခုတကြိမ်တွေ့ဆုံမှုသည် (၄) ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ယခုနှစ် မေလထဲတွင် အစိုးရက ကမကထ ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအပြီး ဒုတိယမြောက် တွေ့ဆုံကြခြင်းဖြစ်သည်။

ထိုနှစ်ဖွဲ့အကြား ယခုနှစ် ဇူလိုင်လ လယ်ပိုင်းက တွေ့ဆုံမှုတွင် နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး၌ ကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးခဲ့ကြသည်။

PPWT နှင့် DPN တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ် ၂ ရက်နေ့က ဆွေးနွေးနေပုံ
ဧရာဝတီ

ထို့အပြင် မိုင်ဂျာယန်ညီလာခံတွင် ဆွေးနွေးချမှတ်ခဲ့သော လုပ်ငန်းစဉ်များထဲမှ ပင်လုံလက်စွဲစာတမ်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာစာတမ်း (တပ်မတော် အခြေခံမူ)၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) နှင့် ကြားကာလအစီအစဉ်များအတွက် နှစ်ဘက်အလုပ်အဖွဲ့ ဖွဲ့စည်းရေးတို့ ကိုလည်း ဆွေးနွေးခဲ့ကြသည်။

အလားတူ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်မှုနှင့် ပတ်သက်၍ နှစ်ဘက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) နှင့်ပတ်သက်၍ နှစ်ဘက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ အစိုးရထံ UNFC က တင်ပြထားသော အချက် ၉ ချက်အပေါ် သဘောထားနှင့် ပူးပေါင်းပါဝင်မှု၊ EAOs မျက်နှာစုံညီ အစည်းအဝေး ခေါ်ယူနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းလုပ်ဆောင်နိင်ရေးတို့လည်း ပါဝင်သည်။

PPWT နှင့် DPN တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ် ၂ ရက်နေ့က ဆွေးနွေးနေပုံ
ဧရာဝတီ

UNFC သည် အစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးနေသည့် တပ်ပေါင်းစု တခုဖြစ်ပြီး အပစ်ရပ် ၈ ဖွဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလ က်ထက် အောက်တိုဘာလ ၁၅ ရက်နေ့က NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆက်စပ်ဖတ်ရှုရန် – UNFC နှင့် အပစ်ရပ် ၈ ဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်ရန်ညှိနှိုင်း

Did you find apk for android? You can find new Free Android Games and apps.
Loading